
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်ဦးစီးမှူးက သူ့ကိုပြန်ခံပြောတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသူ ၁၃ ယောက်ကို တိုက်ပိတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာပြတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဇန်နဝါရီ ၂၄ ရက်က စပြီး လက်ရှိအချိန်ထိ တိုက်ပိတ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ပိတ်ထားတဲ့ ဒိုက်ဦးထောင်ဦးစီးမှူးဟာ ဇန်နဝါရီလအတွင်းမှာမှ အသစ်ရောက်ရှိလာတဲ့ ဦးစီးမှူး ဒေါ်ဇာဇာမင်း ဖြစ်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ တလလုံးမှာလည်း ထောင်ထဲမှာ ထမင်းကြမ်းတွေပဲ ကျွေးတာကြောင့် အကျဉ်းသူတချို့ အစာအိမ်အောင့်ပြီး ကျန်းမာရေးအခြေအနေတွေ ဆိုးရွားနေတယ်လို့ ဆိုပါတယ်။
ဆေးဝါးကုသမပေးတာကြောင့် ထောင်တွင်းဆေးဝါးလိုအပ်ချက် မြင့်မားနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နေ့စဉ်နေ့တိုင်း အကျဉ်းသူတွေဟာ ထောင်ဝန်ထမ်းတွေရဲ့ ဆိုးရွားလှတဲ့ မချေမငံ ဆက်ဆံမှုတွေကို ကြုံတွေ့နေရပြီး တိုက်ပိတ်တာမျိုး အပါအဝင် တခြား ဖိနှိပ်ဆက်ဆံမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း ခံစားနေရပါတယ်။
ဒါ့ကြောင့် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး ထပ်ပြီးမပေါ်ပေါက်ရအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ပြောပါတယ်။
ကေခိုင်




