Home
မြန်မာသတင်း
ကျိုက်စကောထောင်၌ အကျဉ်းသူအမျိုးသမီးများ လစဉ်သုံးပစ္စည်းရရန်  လာဘ်ငွေပေးနေရ 
DVB
·
June 18, 2024

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်စကောအကျဉ်းထောင်မှာ အကျဉ်းသူ မိန်းကလေးတွေ လစဉ်သုံးပစ္စည်းရဖို့၊ လျှော့ရက်ရဖို့နဲ့ အလုပ်ကြမ်း မလုပ်ရဖို့အတွက် ထောင်အာဏာပိုင်တွေကို လာဘ်ငွေပေးနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ကျိုက်စကောထောင်က အကျဉ်းသူတွေထားတဲ့ အဆောင်တွေမှာ အရင်က ပုံမှန်ပေးနေကြဖြစ်တဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်း အပါအဝင် ဆပ်ပြာ အစရှိတဲ့ ပုံမှန်ပေးနေကြ ပစ္စည်းတွေ မပေးတော့တာ ၆ လကျော် ရှိနေပြီလို့လည်း သိရပါတယ်။

ထောင်တာဝန်ရှိသူတွေကို တင်ပြတဲ့အခါမှာလည်း အထက်ကမပေးတာ၊ ထောက်ပို့ အလုပ်မလုပ်တာ ဆိုပြီး လွှဲချနေတာကြောင့် ထောင်ဝင်စာမလာနိုင်တဲ့သူတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။

မကြာခင်ကမှ လွတ်လာတဲ့ အကျဥ်းသူတဦးက “အရင်တုန်းကတော့ ၆ လကို ပုံစံတစုံ၊ ဇွန်း၊ ပုံစံပန်းကန်၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ မျက်နှာသုတ်ပုဝါ၊ စောင်တွေ မရတာ တော်တော်ကိုကြာနေပြီ။ ထောင်ပိုင်တန်းစီမှာ တင်ပြတော့လည်း နိုင်ငံတော်က ချမပေးတာတို့၊ ထောက်ပို့က အလုပ်မလုပ်တာတို့ပဲ ပြောပြီး ဘာမှ လုပ်မပေးဘူး။ တချို့ ထောင်ဝင်စာမလာနိုင်သူတွေ တော်တော်လေး ဒုက္ခရောက်နေကြတာ။ ‌‌ခဏခဏတင်ပြတော့ ထောင်ပိုင်ဆို လုံးဝကို မိန်းကလေးဆောင်ထဲ မလာတော့ဘူး။ အဲ့လိုသာမလာတာ၊ အလုပ်မလုပ်ချင်ရင်တော့ တယောက်ကို  ၂၅၀,၀၀၀ တောင်းတယ်” လို့ ပြောပါတယ်။

ကျိုက်စကောထောင်ဟာ တောနယ်ဘက်မှာ ဆောက်လုပ်ထားတာကြောင့် မိုးတွင်းအခါ ခြင်အရမ်းကိုက်ပြီး ယားနာနဲ့ ဝဲစွဲတာတွေလည်း ဖြစ်နေပါတယ်။ ယားနာ‌ဆေး အပါအဝင် တခြားဖျားနာ‌ဆေးဝါးတွေလည်း ထောင်ဆေးရုံမှာ လုံလောက်မှုမရှိပါဘူး။ ခြင်ကိုက်တယ်၊ ယင်များတယ်လို့ တင်ပြရင် လူတယောက်ကို တနေ့ ခြင်ဘယ်နှစ်‌ကောင်၊ ယင်ဘယ်နှစ်‌ကောင် ဖမ်းခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ကျိုက်စကောထောင်က လွတ်လာသူတဦးက   “အခန်တခန်းထဲမှာ လူတွေ ပြွတ်သိပ်နေအောင်ထားပြီး အခန်းအလွတ်တွေ ဒီအတိုင်းထားတာ၊ အဲဒီအခန်းအလွတ်ကို ပြောင်းနေချင်ရင် တယောက်ကို ၁ သိန်းခွဲပေးရတယ်။ ငွေစုမပေးလို့ ခြင်တွေက အရမ်းများတာ၊ ညဆို ခြင်ပဲသတ်နေရတယ်။ မနက်ပိုင်းဆိုရင် ယင်ကလည်း ဒုက္ခပေးသေး။ အဲဒါ နိုင်ကျဉ်းတွေက တင်ပြလို့ဆိုပြီး နောက်နေ့ကို လူတယောက်ကို ခြင် ၁၀၊ ယင် ၁၀ ဖမ်းရတယ်။ မဖမ်းတတ်တဲ့သူ လိုက်ဝယ်ရတယ်။ တာဝန်ကျေတင်ပြဖို့၊ ကိုယ့်ဟာကိုယ် ရက်တွက်ပြီး ကိုယ်ရတဲ့ကွာကို တွက်ခိုင်းရင်လည်း ပိုက်ဆံပေးမှ တွက်ပေးတယ်။ အဲဒါကလည်း ရိုးရိုးအကျဉ်းသားကိုပဲ တွက်ပေးတာ၊ နိုင်ကျဉ်းတွေက လျှော့ရက်မရဘူးတဲ့။ အဲလို ကွာတွက်ခိုင်းရင်လည်း လျှော့ရက်ကွာအတွက် ၁ သိန်းခွဲကနေ ၂ သိန်း တောင်းတယ်။‌ ကောင်းမလေးတယောက်ဆိုရင် ထောင် ၉ လကျတာကို လျှော့ရက်မရတဲ့အပြင် ၁၀ လကျော်နေပြီးမှ လွတ်တယ်” လို့ ပြောပါတယ်။

ဒိုက်ဦး အမျိုးသမီးထောင်မှာ အဆောင်တဆောင်ရှိပြီး အဲဒီအဆောင်မှာ အခန်း ၈ ခန်းရှိပေမဲ့ ၆ ခန်းမှာပဲ အကျဉ်းသူတွေထားပြီး စုစုပေါင်း ၂၄၀ လောက် ရှိပါတယ်။ ထောင်ထဲမှာ ရေမသန့်တာ၊ မီးလာပေမဲ့ ရေမောင်းမပေးတာ၊ လျှော့ရက်ရဖို့ ငွေပေးရတာ၊ လုပ်ရသလို ဆေးမရှိလို့ အိမ်ကဆေးမှာပြီး သွင်းရင်လည်း ထောင်ကယူထားပြီး အကျဉ်းသားကို မပေးတာကြောင့် TB ရောဂါဖြစ်နေသူတယောက်နဲ့ အပူကြီးသူတယောက်တို့ ထောင်ထဲမှာ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရပါတယ်။

အခုလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ကျိုက်စကောထောင်ပိုင်ရုံးကို DVB က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013