Home
အနုပညာ
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ ဖြူဖြူကျော်သိန်း သီဆိုသည့် “သူမ” သီချင်း (ရုပ်သံ)
DVB
·
June 18, 2024

စစ်အာဏာရှင်ရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချတာခံထားရတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းသီဆိုတဲ့ သီချင်းတပုဒ် ထွက်ရှိလာပါတယ်။

“သူမ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဖြူဖြူကျော်သိန်းကိုယ်တိုင် ရေးစပ်သီဆိုထားခဲ့တာဖြစ်ပြီး ရေးဖွဲ့ဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“မွေးနေ့ရှင် အန်တီ ဒေါ်အောင်ဆန်းစုကြည်အတွက် လွန်ခဲ့တဲ့ ၂ နှစ်တည်းက အမှတ်တရ ရေးထားတဲ့ သီချင်းလေး။ ဒီသီချင်းလေး ထုတ်မယ်ကြံတိုင်း တုံ့ဆိုင်းနေမိတယ်။ ငါ သိပ် များ personal ဖြစ်သလားပေါ့။ တကယ်တော့လည်း artistic creation တွေဆိုတာ very personal ပါပဲလေ။ အဲ့လို မဖြစ်ရင်လည်း စစ်မှမစစ်တော့တာ။ အရင်ခေတ် ကောင်းတုန်းက အန်တီ့အကြောင်း သီချင်းတွေလာပြပြီး ဆိုခိုင်းကြတယ်၊ မဆိုဖြစ်ခဲ့ဘူး။ အန်တီက ဘုန်း‌တော်ဘွဲ့တွေလိုတဲ့သူမှ မဟုတ်တာလေ။ ခုတော့ တကိုယ်ရည် ခံစားမိတဲ့အတိုင်း ရေးပြီးဆိုဖြစ်တယ်။ တကယ်က အန်တီနဲ့လည်း အပြင်မှာ personal ရင်းနှီးကျွမ်းဝင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ ကိုယ့်မှာ အကျင့်တစ်ခုက သီချင်းအသစ်လုပ်ပြီးရင် ကိုယ်အလေးထားတဲ့ လုပ်ဖော်ကိုင်ဖက်၊ ဝန်းရံသူနဲ့ team ကို ပေးနားထောင်တတ်တယ်။ ဒီသီချင်းမှာတော့ ထူးဆန်းတဲ့ feedback တွေရတယ်။ တချို့တွေဆို ပြန်တောင် feedback မပေးတော့ဘူး။ အင်မတန်ထူးခြားတဲ့သူတစ်ယောက်အကြောင်း ရေးမိတာဆိုတော့ ထူးဆန်းတဲ့ response တွေရတာလည်း မထူးဆန်းပါဘူးလေ။ ဒီကာလ ကိုယ်ရေးဖြစ်တဲ့ တချို့သီချင်းတွေလိုပဲ အချိုနည်းတယ် ထင်ပါရဲ့”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေ ရတာပါ။

အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၉ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အာဏာသိမ်း စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ စွဲချက်တင်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတာာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ သူ့ကို အကျဉ်းထောင်ကနေ နေအိမ်တအိမ်ကို ပြောင်းရွှေ့ ပေးထားကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး DVB အနေနဲ့တော့ အခုအချိန်ထိ အ တည်မပြုနိုင်သေးပါဘူး။

ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲက တဦးဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြဖို့  သပိတ်အင်အားစုတွေက နှိုးဆော်ထားသလို ပြည်ပနိုင်ငံတွေ အသီးသီးမှာလည်း မွေးနေ့မတိုင်ခင်ကတည်းက ဆုတောင်းပွဲတွေ၊ လူထုစုဝေးပွဲတွေ ပြုလုပ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013