ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ နော့သ်ယော့ခ်မြို့ဟောင်းနယ်မြေမှာ ဇွန် ၁၇ ရက်က ရုံးအဆောက်အအုံတခုရဲ့ ဧည့်တွေ့ခန်းမအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ကနေဒါ အသံလွှင့်ကော်ပိုရေးရှင်း (CBC) က ထုတ်ပြန်ပါတယ်။
နေ့ကလေးထိန်းစင်တာနဲ့ မူလတန်းကျောင်းတခုတို့ အနီးမှာရှိတဲ့ အဲဒီ အခင်းဖြစ်ပွားရာကို ရဲတပ်ဖွဲ့ဝင် အများအပြားလည်း ရောက်ရှိနေပါတယ်။
သေဆုံးသူတွေအားလုံးဟာ အရွယ်ရောက်ပြီးသူတွေဖြစ်ကြကြောင်း CBC သတင်းကြေညာချက်အရ သိရပါတယ်။
ယောက်ျားလေးသီးသန့် နော့သ်မောင့်ထ် ကက်သလစ် မူလတန်းကျောင်းကို ပိတ်ဆို့ထားလိုက်ပြီး အနီးနားရှိ နေ့ကလေးထိန်းကျောင်းကိုလည်း ရှင်းလင်းခဲ့ပါတယ်။
သေဆုံးသူတွေဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦးတို့ ဖြစ်ကြပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း တိုရွန်တိုရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုမှာ တာဝန်ရှိတဲ့သူဟာ သေဆုံးသွားသူတွေထဲမှာ ပါဝင်တယ်လို့ ယူဆရကြောင်း လူသတ်မှုနဲ့ လူပျောက်မှုဆိုင်ရာတပ်ဖွဲ့မှ စုံထောက်တပ်ကြပ်ကြီး အိုင်ဘာ့ထ်လတ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီပစ်ခတ်မှုမှာ ရုံးအဆောက်အဦအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ရလဒ်အပြောင်းအလဲ တခုခုကြောင့် ဖြစ်နိုင်ကြောင်း ဘာ့ထ်လတ်က ပြောကြားပြီး အသေးစိပ်တွေကိုတော့ မပြောသွားပါဘူး။
သံသယရှိသူ သို့မဟုတ် သံသယရှိသူတွေနဲ့ ပတ်သက်တဲ့ ဘာသတင်းအချက်အလက်ကိုမှ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးနားရှိ နေ့ကလေးထိန်းဂေဟာကို ပိတ်ထားခဲ့ပြီး မှုခင်းဖြစ်ပွားရာနေရာကို တားထားတဲ့ တိပ်ကြိုးနောက်မှာ စုဝေးနေကြတဲ့ မိဘတွေကိုလည်း သူတို့ကလေးတွေကို ခေါ်သွားကြဖို့ နှိုးဆော်ခဲ့ပါတယ်။
Source-Reuters