မြောက်ကိုရီးယားစစ်သားတွေဟာ ဇွန် ၁၈ ရက်က တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ စစ်နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်လာခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များ (JCS) ရဲ့ ပြောကြားချက်အရ သိရပါတယ်။
မြောက်ကိုရီးယား စစ်သား ၂၀ ကနေ ၃၀ လောက်ဟာ အင်္ဂါနေ့မနက်ပိုင်းက စစ်မဲ့ဇုန်အတွင်း မီတာ ၂၀ လောက်ကို ချိုးဖောက်ဝင်ရောက်လာခဲ့ပြီး တောင်ပိုင်းက သတိပေး ပစ်ခတ်မှုတွေကြောင့် မြောက်ဘက်ကို အမြန်ပြန်သွားခဲ့ကြကြောင်း JCS တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
JCS ကတော့ ဒီချိုးဖောက်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ မယူဆထားကြောင်း ယွန်ဟက်ပ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ လွန်ခဲ့တဲ့ ၂ လကျော်က ရိုက်ကူးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ နယ်စပ်လှုပ်ရှားမှု ဓာတ်ပုံတွေကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်ဟာ ရှေ့တန်းတလျှောက် စစ်သားတွေကို တပ်ဖြန့်တာ၊ မြေမြှုပ်မိုင်းထောင်တာ၊ နည်းဗျူဟာလမ်းတွေ ဖောက်လုပ်တာနဲ့ တင့်ကားအတားအဆီးတွေ ဖြစ်ပုံရတဲ့ ဆောက်လုပ်မှုတွေ အပါအဝင် လှုပ်ရှားမှုအမျိုးမျိုးကို လုပ်ဆောင်နေကြောင်း JCS ပြည်သူ့ရေးရာဒါရိုက်တာ ဗိုလ်မှူးကြီး အီဆွန်းဂျွန်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ UNC (ကုလသမဂ္ဂကွပ်ကဲမှု) နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး ခိုင်မာတဲ့ စစ်ရေးအဆင်သင့် ပြင်ဆင်ထားမှု ရှိနေကြောင်းလည်း ဗိုလ်မှူးကြီး အီဆွန်းဂျွန်းက ပြောပါတယ်။
မြောက်ကိုရီးယားလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက် အပြည့်အစုံကို ရှာဖွေဖို့ နောက်ထပ် ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီး လက်ရှိမှာ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖြည့်စွက် ပြောကြားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မြောက်ကိုရီးယားစစ်သား အယောက် ၂၀ လောက်ဟာ နယ်စပ်ကို ခေတ္တခဏ ဖြတ်ကျော်ခဲ့ပြီးနောက်မှာ တောင်ကိုရီးယားစစ်တပ်က သတိပေး ပစ်ခတ်ခဲ့ရကြောင်း ဆိုးလ်အာဏာပိုင်တွေက ပြောပါတယ်။
Source-Reuters