ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်မှာ တည်ရှိနေတဲ့ စုကလိစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)က ဦးစီးတဲ့ ပူးပေါင်းတပ်တွေက ဇွန် ၁၈ ရက် ဒီနေ့မနက် အပြီးပိုင် သိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ဦးစီးတပ်ဖွဲ့ဝင်က ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်စခန်းကို လွန်ခဲ့တဲ့ ၇ ရက်လောက်ကတည်းက KNLA ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ရာနဲ့ချီပြီး စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာပါ။
ဇွန် ၁၆ ရက်နဲ့ ၁၇ ရက် ၂ ရက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေ ခံစစ်အားနည်းမှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် ဇွန် ၁၇ ရက် ည ၉ နာရီလောက်မှာ စုကလိစခန်းကနေ အပြီးပိုင် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ စုကလိစခန်းကိုတော့ KNLA တပ်တွေက စခန်းရှင်းလင်း ဆောင်ရွက်ခဲ့ရာမှာ စခန်းတွင်း ကျန်ရှိနေတဲ့ လက်နက်ငယ်တချို့နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိပါတယ်။
စခန်းမှထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တပ်သားတွေကိုလည်း လမ်းခရီးမှာ KNLA တပ်ဖွဲ့တွေက ဝိုင်းထားပြီး လက်နက်ချကြဖို့နဲ့ KNLA ဘက်က တိုက်တွန်းထားပါတယ်။
ကရင်ပြည်နယ် တပ်မဟာ (၆) ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကူစေလွှတ်ထားတဲ့ အောင်ဇေယျ စစ်ကြောင်းကတော့ ကော့ကရိတ်-မြဝတီအာရှလမ်းမှာပဲ ရပ်တန့်နေပါတယ်။