အီကွေဒေါနိုင်ငံမှာ လေပြင်းမုန်တိုင်းတွေတိုက်ခတ် မိုးသည်းထန် မြေပြိုမှုတခုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အီကွေဒေါ ပြည်သူ့အုပ်ချုပ်ရေးဝန်ကြီး အာတူရို ဖဲလစ်ခ်စ် ဝေါင်က ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
နိုင်ငံအလယ်ပိုင်း ဘားနော့စ်မြို့မှာ ဇွန် ၁၆ ရက်က ပြင်းအားကြီးမားတဲ့ မြေပြိုမှုတခု ဖြစ်ပွားခဲ့ကြောင်း အီကွေဒေါ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အတွင်းရေးမှူးရုံးက အစီရင်ခံစာထဲမှာ ပြောကြားထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိထားသူ ၁၇ ဦးကို အမ်ဘာတိုဆေးရုံနဲ့ တခြား ဆေးဘက်ဆိုင်ရာ ဌာနတွေဆီ ပို့ဆောင်ပေးထားကြောင်းလည်း ပြည်သူ့အုပ်ချုပ်ရေးဝန်ကြီး အာတူရိုက ပြောပါတယ်။
အီကွေဒေါနိုင်ငံအလယ်ပိုင်းမှာ နိုင်ငံခြားသားနဲ့ ပြည်တွင်းခရီးသွားတွေအကြား ရေပန်းစားတဲ့ ဘားနော့စ် တောင်ကုန်းတွေမှာ ကယ်ဆယ်ရေးသမားတွေနဲ့ စက်ယန္တရားကြီးတွေကို ဖြန့်ကြက်ချထားပြီး အလောင်းတွေကို ရှာဖွေကာ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဘေးဒုက္ခကြုံရသူတွေကို ကူညီဆောင်ရွက်ပေးနေပါတယ်။
ဇွန် ၁၆ ရက်က ဗဟိုအမေရိကနဲ့ တောင်အမေရိကတိုက်ရဲ့ နေရာအနှံ့အပြားမှာ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှု၊ ကျောက်တုံး ကျောက်ဆောင် ပြိုကျမှုနဲ့ ရေကြီးမှုအန္တရာယ်တွေ ပိုများလာနိုင်ကြောင်း နိုင်ငံအသီးသီးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တနင်္လာနေ့မှာတော့ လမ်းမတွေနဲ့ လမ်းတွေမှာ ရွှံ့နွံတွေ ဖုံးလွှမ်းနေသေးတာကြောင့် အများပြည်သူ သွားလာရေးကို ထိခိုက်စေပြီး ဒေသခံတွေလည်း သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ခြေဗလာနဲ့ နေအိမ်စွန့်ခွာ ထွက်လာခဲ့ရတဲ့အပြင် ကျောင်းတွေမှာလည်း စာသင်တန်းတွေကို ဆိုင်းငံ့ထားပါတယ်။
Source-Reuters