ဗိုလ်ချုပ်ကြီးဟောင်း ဘန်နီဂန့်ဇ် ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ သူ့ရဲ့ စစ်အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး ရွေးချယ်စရာ နည်းနည်းသာ ကျန်တော့တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇွန် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ အဖွဲ့ဝင် ၆ ဦးပါတဲ့ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်တယ်လို့ အစ္စရေးအရာရှိတဦးက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
ဒါဟာ ဗဟိုဝါဒီ ဗိုလ်ချုပ်ကြီးဟောင်း ဘန်နီဂန့်ဇ် ရာထူးကနေ နုတ်ထွက်ပြီးတဲ့နောက် ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားတဲ့ လှုပ်ရှားမှုတရပ်လည်း ဖြစ်ပါတယ်။
အခုတော့ နေတန်ယာဟုဟာ ကာကွယ်ရေးဝန်ကြီး ယိုအဗ် ဂေါလန့်ထ်နဲ့ စစ်အစိုးရအဖွဲ့ဝင် ဖြစ်ခဲ့ဖူးတဲ့ မဟာဗျူဟာရေးရာဝန်ကြီး ရွန် ဒါမာ အပါအဝင် ဝန်ကြီးအုပ်စုတွေနဲ့ ဂါဇာစစ်ပွဲအကြောင်း ညှိနှိုင်းဆွေးနွေးဖို့ မျှော်လင့်ထားကြပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်တွေနဲ့ စစ်ရေးတင်းမာနေတာတွေဟာ ဒေသတွင်း ပဋိပက္ခ ပိုကျယ်ပြန့်လာမယ့် အရေးနဲ့ နီးကပ်လာစေလို့ အခြေအနေတည်ငြိမ်အောင် ကြိုးစားတဲ့အနေနဲ့ အမေရိကန် အထူးသံတမန် အားမို့စ် ဟို့ရှ်တိန်းက ဂျေရုဆလင်မြို့ဆီ ရောက်နေချိန်မှာ ဂျွန်ကာဘီက ခုလို ကြေညာခဲ့တာပါ။
ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အရှိန်အဟုန် မြင့်တက်လာမှုအပေါ် အမေရိကန်က စိုးရိမ်တယ်လို့ ကာဘီက သတင်းထောက်တွေကို ပြောခဲ့ပေမဲ့ အခုအချိန်အထိ ဟစ်ဇ်ဘိုလာအဖွဲ့က အပြည့်အဝ ပါဝင်ပတ်သက်နေတာကို မမြင်သေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်း ဆေလားဒေသမှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ဒုံးပျံတခုနဲ့ ဒုံးကျည်အပိုင်းတခုကြောင့် အကြီးတန်းစစ်ဆင်ရေးအရာရှိတဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
Source-Reuters