Home
ဆောင်းပါး
မတရားမှုကို ထုတ်ဖော်တဲ့ အသံများ
DVB
·
June 18, 2024

အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုနေသူတွေ ယနေ့အချိန်ထိ ရှိ‌နေဆဲပါ။ စစ်ကောင်စီရဲ့ လက်အောက်ခံတွေက နည်းမျိုးစုံသုံး ဖိနှိပ်မှုတွေကြားကပဲ မတရားမှုကို ထုတ်ဖော်နေကြတပါ။

အထူးသဖြင့် မြို့ပြပေါ်က လှုပ်ရှားမှုတွေက အသက်အန္တရာယ်နဲ့ အနီးဆုံးမှာရှိနေတာပါ။ ထင်ရှားတဲ့ ဖြစ်ရပ်တခုဆို အာဏာရှင်စနစ် မလိုလားတဲ့ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ကြသူတွေကို စစ်ကောင်စီလက်အောက်ခံတွေက ကားနဲ့လိုက်တိုက်တဲ့ဖြစ်ရပ်ပါ။

ဆိုးရွာတဲ့ ထိခိုက်ဒဏ်ရာရသူတွေက ဖမ်းဆီးခံရပြီး မတရားတဲ့ ပုဒ်မတွေတပ်ပြီး တဖက်သတ် ချမှတ်ခံရပါတယ်။

မတရားမှုဆိုတာ မတရားမှုခံရတဲ့သူတိုင်း တနည်းမဟုတ်တနည်း မတရားတဲ့အကြောင်း ပြောခွင့်သာချိန်တော့ ထုတ်ပြောကြတာပါပဲ။ လူငယ်တစု လမ်းမပေါ်ထွက် အရဲစွန့်ပြီး တောင်းဆိုနေကြချိန် ကားတစီးက အရှိန်နဲ့ သူတို့လူအုပ်ထဲ မောင်းဝင်လာချိန်မှာ တိုက်ခန်းတခုပေါ်က ထွက်လာတဲ့အသံဟာ အများပြည်သူရဲ့ နှလုံးသားကို လှုပ်ခါသွားစေပါတယ်။

လက်နက်မပါဘဲ မတရားမှုကို ဆန္ဒထုတ်ဖော်ရုံလေးကို အသက်သေစေတဲ့အထိ ပြုလုပ်သူတွေရဲ့ လုပ်ရပ်ကိုလည်း နင့်သီးစွာနဲ့ လူတိုင်းရဲ့ နှလုံးသားမှာ မှတ်တမ်းတင်ထားကြမှာပါ။

“ပြေး...ပြေး....ပြေး......ပြေး......” ငယ်သံငယ်ရင်းပါအောင် အော်ပြောနေတာ၊ ကားက အရှိန်နဲ့ ဝင်လာချိန်ပေါ့။ ကားက လူငယ်လေးတွေကို တိုက်သွားတယ်။ ပြေး… လို့ အော်သံက မရပ်သေးပါဘူး။ လူငယ်တွေကို ပြေးခိုင်းတာပါ။ သူတို့အသက်ဘေးက လွတ်အောင်ပါ။ အသံတိမ်ဝင်သွားတဲ့အထိ အားရှိသမျှ နောက်ဆုံး ဆို့နင့်နေတဲ့အသံကို သူတို့တွေကြားအောင် အော်ပြောနေတာပါ။ အဲဒီအသံက တတိုင်းပြည်လုံး ကြားရပါတယ်။ နှလုံးခုန်သံတွေလည်း တော်တော်နဲ့မရပ်ပါဘူး။

“အင်တာနက်ပေါ်တက်လာတဲ့ ကလေးတွေကို ပြေးခိုင်းတဲ့အသံက စိတ်မကောင်း ဖြစ်ရတယ်။ တဖက်မှာလည်း  ဒေါသဖြစ်ရတယ်။ တနေကုန်လည်း ထမင်းမစားနိုင်တော့ဘူး။”

မတရားမှုဆိုတာကို အသံထွက်ချင်ကြပါတယ်။ အခြေအနေ အချိန်အခါအရ စိတ်ထဲ ထားကြရတယ်။ တယောက်ယောက်က အသံတခုခု ထွက်ပေးကြရင်လည်း ဝမ်းသာကြတယ်။ ကိုယ်စား အသံထွက်ပေးတာကိုး။ တနေရာရာမှာ အခွင့်အခါကြုံကြိုက်ရင် မတရားမှုဆိုတာကို လွတ်လပ်စွာနဲ့ အသံထွက်ခွင့်တော့ ရကြမှာပါ။

ဒီလို မတရားမှုကို စကြုံရကတည်းက အသံထွက်ကြဖို့ လိုပါတယ်။ မတရားတဲ့အကြောင်း ရရာနည်းနဲ့ ပြောကြရမှာ ဖြစ်ပါတယ်။ အဲဒီမတရားမှုက အချိန်ကြာကြာ အမြစ်တွယ်လာပြီ ဆိုတော့ရင် အမှားကြာလို့ အမှန်ဖြစ်ပြီး အမှားကိုပဲ လက်ခံသွားကြတော့မှာ ဖြစ်ပါတယ်။ မတရားတာကို သိရင် မတရားတဲ့အရာကိုလည်း ဝိုင်းဝန်းအသံထွက်ပေးကြဖို့ လိုပါတယ်။

မတရားခြင်းကို ဝိုင်းဝန်းအသံထွက်ပေးကြတဲ့ ဘရာဇီးဘောလုံးသမားတဦးရဲ့ ဖြစ်စဉ်တခုက အခုလို တရားမျှတမှုကို  ရရှိခဲ့ပါတယ်။

ရီးရဲလ်ဟာ ဘရာဇီးလ်ကျောက်ရိုင်းလေး ဗင်နီစီယက်ဂျူနီယာကို အသက် ၁၈ နှစ် မပြည့်ခင်ကတည်းက ဖလာဖင်ရိုကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၄၆ သန်းနဲ့ ခေါ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှာ နေရာစုံကစားနိုင်တဲ့ ဗင်နီစီယက်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ ဂိုးပေါင်း ၅၀ ကျော် သွင်းယူပေးထားပါတယ်။ ဒါပေမဲ့ သူ ကစားခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာ ရီးရဲလ်ကစားသမား သက်တမ်းတလျှောက် ပထမဆုံးအနီကတ် ပြခံခဲ့ရပါတယ်။

သူ့လို တိုက်စစ်အားသန်တဲ့ ကစားသမားကို အနီကတ်ပြခံရတာဟာ အနည်းငယ်ထူးခြားပေမဲ့ အဲဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းအရင်းကတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

အဲဒီပွဲစဉ်ဟာ ချန်ပီယံလိဂ် မျှော်လင့်ချက်မရှိတော့တဲ့ ရီးရဲလ်အတွက် သိပ်အရေးမပါပေမဲ့ တန်းဆင်းဇုန် တိုက်ပွဲဝင်နေရတဲ့ ဗလင်စီယာအတွက်တော့ သေရေး‌ရှင်ရေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗလင်ဇီယာဟာ ဂိုးရဖို့ အသည်းအသန်ကြိုးစား ရုန်းကန်ခဲ့ပြီး ပထမပိုင်းမှာ ဒီရေဂိုလိုပက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရီးရဲလ်တိုက်စစ်အားနည်းနေရတဲ့ အချက်တချက်က ဗလင်ဇီယာ ပရိသတ်တွေဟာ ဗင်နီစီယက်ကို တချိန်လုံး လူမျိုးရေးခွဲခြား လှောင်ပြောင်ခဲ့ကြပြီး ဒုတိယပိုင်းမှာဆိုရင် ပိုပြီးတော့တောင် ဆိုးရွားလာခဲ့ပါတယ်။ ဗလင်ဇီယာ ကစားသမားတွေဟာလည်း သူ့ကို ဥပဒေမဲ့ တားဆီးခဲ့ကြလို့ ဗင်နီစီယက်က ဒိုင်ကို စောဒကတက်ခဲ့ပေမဲ့ သူ့ကို ဘယ်သူမှ ထိထိရောက်ရောက် မကာကွယ်ပေးခဲ့ကြပါဘူး။

ဒါ့အပြင် နာကျင်အချိန်ပို အရောက်မှာ ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ VAR ပြန်ကြည့်တဲ့အခါ ဗင်နီစီယက် လက်ပါခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

ဗင်နီစီယက်က ဒီလို မတရားတဲ့ လုပ်ရပ်အပေါ် လှောင်ပြောင်တဲ့အနေနဲ့ လက်ခုပ်တီးပြီး ကွင်းထဲက ထွက်သွားခဲ့ပါတယ်။ ဒါဟာ လာလီဂါမှာ ဗင်နီစီယက်ကို ပထမဆုံးအကြိမ် လူမျိုးရေး ခွဲခြားခဲ့တာတော့ မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်က အယ်သလက်စီကို ဒါဘီပွဲမှာ ဘာစီလိုနာ ပရိသတ်‌တွေလည်း အခုလိုမျိုး ကျူးလွန်ခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ် မတ်လက မာကော့ကာနဲ့ပွဲ၊ စက်တင်ဘာလက အက်သလက်တီကိုနဲ့ ပွဲတွေမှာလည်း အလားတူ ဖြစ်ရပ်‌တွေရှိခဲ့ပြီး စုစုပေါင်း ၁၀ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရင်အခေါက်တွေတုန်းကတော့ သက်သေမခိုင်လုံလို့ဆိုပြီး လူမျိုးရေး ခွဲခြားတဲ့သူတွေကို ဘယ်လို အရေးယူမှုတွေမှ ပြုလုပ်ခဲ့တာ မရှိခဲ့ပါဘူး။

ဒီတကြိမ်မှာတော့ ပြဿနာက ဒီအတိုင်း ပြီးမသွားခဲ့ဘဲ နာမည်ကျော် ကစားသမား‌တွေက လူမှုကွန်ရက်တွေမှာ ဗင်နီစီယက်ဘက်က ရပ်တည်ကြောင်း အသံတွေ ထွက်ပေးခဲ့ကြပါတယ်။

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကလည်း သူ့ကစားသမားတယောက်ကို ပစ်မှတ်ထားပြီး လူမျိုးရေး ခွဲခြားခံရတာဟာ မဖြစ်သင့်ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ ဘရာဇီးသမ္မတ လူလာဒါဆေးဗားပါ အဲဒီကိစ္စမှာ ပါဝင်လာပြီး နိုင်ငံ့ခေါင်းဆောင်တွေ စုဝေးနေတဲ့ G7ထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စကို ပြောသွားခဲ့ပါတယ်။

ဗင်နီစီယက်ဟာ လာလီဂါပွဲတိုင်းလိုလိုမှာ လူမျိုးရေး ခွဲခြားခံနေရကြောင်း၊ ယနေ့ ကမ္ဘာကြီးမှာ ဒီလိုခွဲခြားမှုတွေ မရှိသင့်ကြောင်း သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ ဘရာဇီး ပြည်သူတွေကလည်း ဗင်နီစီယက်နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ မီးတွေမှိတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှဘီယာလက်စ်ကိုယ်တိုင် စပိန်မှာ လူမျိုးရေးခွဲခြားမှုဟာ ကြီးမားတဲ့ပြဿနာ ဖြစ်နေပြီလို့ ဝန်ခံခဲ့ပြီး ဒီကိစ္စကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဗင်နီစီယာအသင်းကို ကွင်းပိတ်ပြစ်ဒဏ်နဲ့ ယူရို ၄၅၀၀၀ ဒဏ်ရိုက်ခဲ့သလို လူမျိုးရေးခွဲခြားတဲ့ ပရိသတ်တွေကိုလည်း အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မတရားခံရတဲ့ ဗင်နီစီယက်ရဲ့ အနီကတ်ပွဲပယ်ပြစ်ဒဏ်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့လို့ နောက်ဆုံးမှာ သူဟာ တရားမျှတမှုကို ပြန်ရခဲ့တယ်လို့ ဆိုရပါမယ်။ ဒါကြောင့် မတရားမှုနဲ့ ကြုံလာတဲ့အခါ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ပါးစပ်ပိတ်မနေဘဲ အမှန်တရားအတွက် အသံတွေ ထွက်ပေးကြဖို့ လိုအပ်ပါတယ်။

ကမ္ဘာကြီးတခုလုံး တက်ညီလက်ညီ အသံပေးခဲ့လို့ ဗင်နီစီယက်ဟာ တရားမျှတမှု ပြန်ရခဲ့သလိုမျိုး အမှန်တရားကို ပြန်ရဖို့အတွက်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ အသံတွေ ထွက်ပေးကြဖို့ လိုအပ်ပါလိမ့်မယ်။

နွေဦးတော်လှန်ရေးမှာ မတရားတာကို တွန်းလှန်တော်လှန်နေကြပါတယ်။ ခေတ်အဆက်ဆက်က အမြစ်တွယ်နေတဲ့ မတရားတဲ့လုပ်ရပ်တွေကို ခုံမင်နေသူလူတစုကို အမြစ်ဖြတ်ဖို့အတွက်လို့ ကြွေးကြော် တော်လှန်နေကြတာပါ။ မတရားမှုကို တော်လှန်နေကြတဲ့ တော်လှန်သူတွေဘက်က ရပ်ဖို့ ဆိုတာဟာလည်း ခံစားချက်၊ ခံယူချက်တွေ တူညီနေမှသာ ရမှာဖြစ်ပါတယ်။

တဖက်ဖက်က အားကောင်းလာတိုင်း တဖက်ဖက်ကတော့ ဆုတ်ခွာသွားပေးရတာပဲ ဖြစ်ပါတယ်။ မတရားမှုကို တွန်းလှန်တော်လှန်သူတွေဘက်က အားကောင်းဖို့အတွက် ရရာနည်းနဲ့ ကြံဆောင်ပါဝင်ကြရမှာ ဖြစ်ပါတယ်။ မတရားမှုတွေ နိဋ္ဌိတံဖို့ တရားဘက်တော်သားတွေဘက်က ရပ်တည်ပေးကြဖို့ အရေးကြီးပါတယ်။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024