အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၉၉ ဦး အကြမ်းဖက်ဖြိုခွင်းခံရတဲ့အတွက် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေး India For Myanmar အဖွဲ့က တာဝန်ရှိသူ ဆလိုင်းဒိုခါရ်က DVB ကို ပြောပါတယ်။
ဇွန် ၁၇ ရက် ညမှာ အစာငတ်ခံ ဆန္ဒပြသူတွေကို ထောင်တာဝန်ရှိသူတွေက အသံဗုံးနဲ့ ရာဘာကျည်တွေ အသုံးပြု ဖြိုခွင်းခဲ့တဲ့အတွက် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့တာပါ။
အကျဉ်းကျ စစ်ဘေးဒုက္ခသည်တွေက မလွှတ်ပေးမချင်း ဆက်လက်ဆန္ဒပြဖို့ ရပ်တည်ခဲ့တာကြောင့် တာဝန်ရှိသူတွေ ပြန်လည်ထွက်ခွာခဲ့ပြီး ထောင်အတွင်းမှာ ကျည်ဆန်ခွံ အစစ်တွေလည်း ရရှိထားတယ်လို့ သိရပါတယ်။
ဆလိုင်းဒိုခါရ်က “အခု အစာငတ်ခံဆန္ဒပြတာ ၉၉ ဦးရှိသွားပြီ၊ တားတာ တားမရလို့ ဖြိုခွင်းတဲ့သဘောပဲ။ ပြည်တွင်းပြည်ပမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ဒီတခါတော့ အိန္ဒိယလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းဖြင့် အစာငတ်ခံ ဆန္ဒပြသူများနဲ့ ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။
အင်ဖာထောင်တွင်းက စစ်ဘေးဒုက္ခသည် အကျဉ်းသားတွေဟာ ပြစ်ဒဏ်တွေပေးဆပ်ပြီး နှစ်ချီ ကြာနေပေမဲ့ ထောင်က လွှတ်ပေးခြင်းမရှိဘဲ လက်ရှိမှာ မဏိပူရ်အစိုးရက မြန်မာပြည်တွင်း စစ်ကောင်စီထံကို ပြန်ပို့မယ့်အရေးကြောင့် ဇွန် ၁၆ ရက်ကစပြီး အကျဉ်းသား ၂၈ ဦး အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။