ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ မင်းတပ်မြို့နယ်က ဒိုင်ရ်ဒေသမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီလို့ ဒိုင်ရ်ဒေသ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဒိုင်ရ်ဒေသထဲက ကျေးရွာ ၁၀ ရွာမှာ မေ ၂၆ ရက်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ဇွန် ၁၇ ရက်အထိ သေဆုံးသူ ၁၂ ဦးရှိလာပြီ ဖြစ်ပါတယ်။
“အစကတော့ သာမန် ဝမ်းပျက်ဝမ်းလျှောပဲ ဖြစ်တယ်ထင်တော့ မစိုးရိမ်ဘူးပေါ့လေ။ ရောဂါရဲ့ လက္ခဏာက အစပိုင်းမှာ ဝမ်းလျှောပြီးတော့ ၅ နာရီ ၆ နာရီလောက် ဝမ်းသွားပြီး အိမ်သာတွေ ဘာတွေ သွားပြီးရင် ရေဓာတ်ကုန်ဆုံးပြီးမှ ကျောက်ကပ်တွေဘာတွေ ထိတယ်ထင်တယ်။ ဆီးလမ်းကြောင်းတွေ ဘာတွေ ပိတ်ပြီးမှ ဆုံးသွားတယ်” လို့ ဒိုင်ရ်ဒေသ ကျန်းမာရေး အကူအညီပေးနေသူတဦးက ပြောပါတယ်။
လက်ရှိမှာ ရောဂါဖြစ်ပွားနေသူ လူနာအယောက် ၁၇၀ နီးပါး ရှိနေကာ ရောဂါဖြစ်ပွားတဲ့ ရွာတွေကို လော့ဒေါင်းချပြီး အသွားအလာ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။
သေဆုံးသူတွေဟာ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၅ ဦးဖြစ်ပြီး အသက် ၅၀ အထက် လူကြီးပိုင်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျန်းမာရေးဝန်ထမ်းက လုံလောက်မှုမရှိဘူးဗျ။ အရေးပေါ်ကုသမှုတွေလုပ်ဖို့ လူနာများပြီး ကုသမှုတွေလုပ်ဖို့ ချင်းလဲန်းအစိုးရနဲ့ရော NUG နဲ့ရော ချိတ်ဆက်ပြီးတော့မှ ဆေးဝါးရရှိဖို့ အရေးပေါ် လုပ်ဆောင်နေကြတယ်။”
လက်ရှိမှာ ဝမ်းပျက်ဝမ်းလျှောဝမ်းရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မသိရှိရသေးဘဲ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။