မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ကနေ ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို ထောင်အာဏာပိုင်တွေက နားမခံသာအောင် ဆဲဆိုတဲ့အပြင် ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက်မှ ကိုသိုက်က ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
ကျိုက်မရောအကျဥ်းထောင်ကနေ ဇွန် ၁၅ ရက်မှာ နိုင်ငံရေးအကျဥ်းသူ အယောက် ၄၀ နဲ့ နိုင်ကျဥ်းအယောက် ၁၀၀ ကို ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်ကို ရွှေ့ပြောင်းခဲ့တယ်လို့ ဆိူပါတယ်။
“ဒိုက်ဦးထောင်ကို နိုင်ကျဥ်းအမျိုးသမီးတွေ ရောက်လာတဲ့အခါ ရှာဖွေရေးလုပ်တယ်၊ စစ်တယ်။ စစ်ပြီးတဲ့အချိန် သူတို့မှာပါလာတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းထားတယ်။ ပြန်တောင်းတော့ ဝန်ထမ်းအမျိုးသမီးတွေက အမျိုးသားအရာရှိတွေကို ခေါ်ပြီး ရှင်းခိုင်းတယ်။ အရာရှိတွေက ထောင်ပြောင်းရောက်လာတဲ့သူတွေအပေါ် တော်တော်လေးကို လိင်အကြမ်းဖက်မှုတော့ မရှိပေမဲ့ ဆိုးဆိုးရွားရွား ပြောဆိုမှုတွေကို ပါးစပ်က ဆက်တိုက်ပြောဆိုပြီး ရိုက်လည်းရိုက်နှက်ခဲ့ကြတယ်ဗျ။ နိုင်ငံရေးအကျဥ်းသူ အကုန်လုံး မဟုတ်ပေမဲ့ အကုန်လုံးနီးပါးလောက်ထိ ရိုက်နှက်ခံရတယ်။ တိုက်ပိတ်ခံရတာတွေလည်း အရေအတွက်များတယ်လို့ ကနဦးသိရပါတယ်။”
နိုင်ကျဥ်းအမျိုးသမီးတွေအပေါ် ဆဲရေးတိုင်းထွာပြီး ရိုက်နှက်သူတွေက ဦးစီးအရာရှိ ကျော်ဇေယျ၊ တပွင့်အရာရှိ မျိုးသီဟအောင်၊ တပွင့်အရာရှိ မင်းဇော်၊ အဆောင်မှူး ကိုလေးမြင့်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အကျဥ်းထောင်တွေက နိုင်ငံရေးအကျဥ်းသား/သူတွေအပေါ်မှာ အပြစ်မဲ့ရိုက်နှက်မှုတွေ၊ ဆေးဝါးလုံလောက်စွာ ကုသပေးမှု မရှိတာတွေ၊ အကျဥ်းခန်းသေးသေးတွေထဲမှာ အကျဥ်းသား အများအပြား နေထိုင်ခိုင်းတာတွေနဲ့ အာဟာရလုံလောက်မှုရှိအောင် မကျွေးတာတွေရှိနေပြီး မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ ဖိနှိပ်မှုများစွာ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ နိုင်ကျဥ်း အယောက် ၇၀ ကျော်ကို မကွေးထောင်နဲ့ မြင်းခြံထောင်ကို ရွှေ့ပြောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့အချိန်အထိ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၆,၀၀၀ ကျော်အထိရှိနေပြီး နိုင်ကျဥ်းအများစုက ထောင်တွင်းနှိပ်စက်မှု များစွာခံနေရပြီး ဆေးဝါးမလုံလောက်မှုကြောင့် အသက်ဆုံးရှုံးရတာတွေလည်း ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။