ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဖြူးရေးအတွက် ဂါဇာကိုသွားတဲ့ အဓိကလမ်းမကြီးတွေထဲကတခုမှာ နည်းဗျူဟာမြောက် နေ့စဉ် ခဏ အပစ်အခတ်ရပ်စဲဖို့ စစ်တပ်ကကြေညာတဲ့ အစီအစဉ်တွေကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန် ၁၇ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ခီရမ် ရှလွန်းမ် နယ်စပ်ဖြတ်ကူးရေးစခန်းကနေ ဆာလာအယ်လ်ဒင် လမ်းတလျှောက် မြောက်ဘက်ကိုသွားတဲ့ လမ်းပိုင်းမှာ နေ့စဉ် မနက် ၅ နာရီကနေ ညနေ ၄ နာရီအထိ ၁၁ နာရီကြာ အပစ်အခတ်ရပ်မယ်လို့ စစ်တပ်က ကြေညာခဲ့တာပါ။
ဝန်ကြီးချုပ်က ဒီအစီရင်ခံစာကို မနက်ပိုင်းမှာ ကြားတဲ့အခါ စစ်ဘက်အတွင်းရေးမှူးဘက်ကို လှည့်ပြီး ဒါကို လက်မခံနိုင်ဘူးလို့ ရှင်းရှင်းပြောခဲ့ကြောင်း အစ္စရေးအရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
စနေနေ့က စစ်သည် ၈ ဦး ကျဆုံးခဲ့တဲ့ ဂါဇာတောင်ပိုင်းက အဓိကအာရုံစိုက်ရာ စစ်ဆင်ရေးဖြစ်တဲ့ ရာဖာမြို့က ပုံမှန်စစ်ဆင်ရေးတွေကို ဆက်လုပ်နေတယ်လို့ စစ်တပ်က ရှင်းလင်းဖြေကြားခဲ့ပါတယ်။
ဂါဇာကို အကူအညီပေးရေးကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေး နိုင်ငံရေးတင်းမာနေတာတွေကို နေတန်ယာဟုရဲ့ တုံ့ပြန်ပုံက ထင်သာမြင်သာ ရှိစေတယ်လို့ မီဒီယာတွေက သုံးသပ်နေပါတယ်။
ဂါဇာမှာ လူသားချင်းစာနာမှု အကျပ်အတည်း ပိုကြီးလာနေတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
အမျိုးသားလုံခြုံရေးဝန်ကြီး အစ်တမာ ဘန်ဂျီဗီယာကလည်း ဗျူဟာမြောက် အပစ်ရပ်မယ့် အတွေးအခေါ်ကို ဆုံးဖြတ်သူ ဘယ်သူမဆို အလုပ်ဖြုတ်ခံရသင့်တဲ့ အရူးပဲလို့လည်း အပြင်းအထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီး ဘန်နီဂန့်ဇ် ကတော့ ဝန်ကြီးချုပ်ရဲ့ အရေးပေါ် အစိုးရကနေ ဇွန် ၉ ရက်မှာ နုတ်ထွက်ခဲ့တာပါ။
နေတန်ယာဟုရဲ့ လက်ယာစွန်း ညွန့်ပေါင်းထဲက ဗဟိုဝါဒီပါတီ နုတ်ထွက်မှုဟာ အစိုးရအဖွဲ့အပေါ် ခြိမ်းခြောက်မှုတော့ ချက်ချင်း ဖြစ်မလာပါဘူး။
ဒါပေမဲ့ ဂါဇာစစ်ပွဲ အဆုံးမသတ်မီ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေနဲ့ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တဲ့ အနေအထားမှာ သက်ရောက်မှု ပြင်းထန်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားကြပါတယ်။
Source-Reuters