ချင်းပြည်နယ်၊ မတူပီမြို့နယ် မြို့သိမ်းတိုက်ပွဲကြောင့် မြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူ ၉၀ ရာခိုင်နှုန်း တိမ်းရှောင်နေကြရတယ်လို့ CDF-မတူပီ တာဝန်ရှိသူက ပြောပါတယ်။
မတူပီမြို့ပေါ်ရပ်ကွက်၊ ကျေးရွာတွေက ပြည်သူတွေဟာ နီးစပ်ရာ ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
CDF မတူပီ တာဝန်ရှိသူတွေက “အများအားဖြင့်တော့ မီဇိုဘက်မှာ ရှောင်ကြတယ်။ ဒီမှာလည်း လုံခြုံတဲ့နေရာမှာ ရှောင်ခိုင်းထားတယ်။ ၉၀ ရာခိုင်နှုန်းက ရှောင်ကြပါတယ်။ အကုန်ရှောင်ပါတယ်၊ ကျေးရွာတွေမှာလည်း အကုန်ရှောင်ခိုင်းပါတယ်” လို့ ပြောပါတယ်။
ချင်းပြည်ကာကွယ်ရေးတပ် CDF-မတူပီ တပ်မဟာ-၁၊ တပ်မဟာ-၂ တို့က မေ ၂၀ ရက်ကနေ ဇွန် ၅ ရက်အထိ အချိန်ပေးပြီး မြို့ပေါ်နေ ပြည်သူတွေကို တိမ်းရှောင်ခိုင်းထားပြီး ကျန်ရှိနေတဲ့ သူတွေလည်း ထပ်မံတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
CDF-မတူပီ တပ်မဟာ-၂ အောက်ချင်းတပ်ရင်းမှာလည်း စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် လာရောက်ခိုလှုံနေပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။
ဇွန် ၉ ရက်ကစပြီး ချင်းညီနောင်စစ်ဆင်ရေး (CB Operation) အနေနဲ့ မတူပီမြို့နယ် အတွင်းက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်လို့ သိရပါတယ်။