Home
မြန်မာသတင်း
စစ်ကောင်စီက ကွက်ကြားရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါက်ရှာနိုင်ဟု သုံးသပ်
DVB
·
June 17, 2024

စစ်ခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထပ်မံပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေးထားချက်ကို အသုံးပြုပြီး ကွက်ကြားရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာလာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းပြီးချိန်ကစလို့ ရွေးကောက်ပွဲပြန်လုပ်မယ်လို့ စစ်ခေါင်းဆောင်က အကြိမ်ကြိမ် ပြောဆိုနေခဲ့တာပါ။ ဒါပေမဲ့ ဘယ်နေ့ဘယ်အချိန်မှာ ကျင်းပမယ် ဆိုတာကိုတော့ ဒီအရင်က ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။

ဇွန် ၁၅ ရက် မိတ္ထီလာခရီးစဉ်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် အောက်တိုဘာလအတွင်း သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ ခုနှစ်ထဲမှာ ရွေကောက်ပွဲ ကျင်းပမယ်လို့ ပထမဆုံးအကြိမ် ထုတ်ပြောလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးချိန်ကစလို့ ခုချိန်ထိ အစိုးရတရပ်ပုံစံမျိုးအထိ ဘယ်တုန်းကမှ မရှိခဲ့သလို လက်ရှိမှာလည်း တိုင်းပြည်ရဲ့အခြေအနေက အဆိုးရွားဆုံး အနေအထား ရှိနေပြီး ပြည်သူတွေလည်း ငတ်ပြတ်နေတဲ့ အခြေအနေထိ ဖြစ်နေပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ဒါ့အပြင် အဘက်ဘက်က မဖြစ်ထွန်းတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားလည်း ရှိနေတာကြောင့် ထွက်ပေါက်တခုအနေနဲ့ အခုလိုမျိုး ကြိုးစားလာတာလို့လည်း သုံးသပ်ပါတယ်။

“အခြေခံလူတန်းစားတွေက လှုံ့ဆော်စရာမလိုဘဲနဲ့ကို အုံကြွမယ့် အနေအထားမျိုးမှာ ရောက်နေပြီဆိုတော့ ဒီအခြေအနေမှာ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ ဖိအားကလည်း အများကြီးရှိတယ်။ စာချုပ်ချုပ်ထားတဲ့ဟာတွေ၊ ကတိကဝတ်ပြုထားတဲ့ ဟာတွေကလည်း အကောင်အထည် မပေါ်တဲ့အခါကျတော့ ဖိအားတွေလည်း တအားများတဲ့အချိန်မှာ ရွေးကောက်ပွဲနည်းလမ်းကသာလျှင် သူ့အတွက် ရွေးချုပ်စရာကျန်တော့တဲ့ အနေအထားမှာ ကောက်လုပ်တာလို့ပဲ မြင်ပါတယ်။”

ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမှာလား၊ အပိုင်းလိုက် ကျင်းပမှာလား ဆိုတာကတော့ ဘယ်လိုပုံစံကျင်းပမယ် ဆိုတာကိုတော့ တိတိကျကျ ထုတ်ပြောတာ မရှိပါဘူး။ ဒါကြောင့် အမှန်တကယ် ရွေးကောက်ပွဲဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကလည်း စဉ်းစားစရာတွေ ရှိလာပါတယ်။

ISP Myanmar ရဲ့ စစ်တမ်းတွေအရ အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ နိုင်ငံအနှံ့မှာ လက်နက်ကိုင်တိုက်ပွဲ အနည်းဆုံး တကြိမ်နဲ့အထက် ဖြစ်ပွားခဲ့တဲ့ မြို့နယ်ပေါင်း ၂၃၃ မြို့နယ်အထိ ရှိပြီး ရာခိုင်နှုန်းအနေနဲ့ ကြည့်မယ်ဆိုရင် မြို့နယ်အားလုံးရဲ့ ၇၁ ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်နေတဲ့ သဘောပါ။

သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်းက ၁၄,၃၀၀ ကျော်အထိ ရှိခဲ့ပြီး ကရင်၊ ချင်း၊ ကရင်နီနဲ့ တနင်္သာရီတိုင်းတို့မှာဆိုရင် မြို့နယ်အားလုံးမှာ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ မြို့တွေကလည်း အနည်းဆုံး ၅၃ မြို့နယ်အထိ ရှိပါတယ်။ ဒါ့အပြင် လုံခြုံရေး အကျပ်အတည်း ဖြစ်နေတဲ့ မြို့နယ်ပေါင်းက ၁၆၁ မြို့နယ်အထိ ရှိနေတယ်လို့လည်း ISP Myanmar ရဲ့ စစ်တမ်းက ဆိုပါတယ်။

ဒီအခြေအနေကို ကြည့်ရင်တော့ တပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဟာ ဖြစ်လာစရာ မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“သူ့သက်တမ်းတလျှောက်လုံး ပြောလာတဲ့ကိစ္စပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်က အခြေအနေမျိုးမှာတောင် ရွေးကောက်ပွဲကျင်းပဖို့ အကြောင်းအချက်အလက် မရှိတဲ့ အခြေအနေမှာ အခု ၂၀၂၄ ခုနှစ် ရောက်လာတဲ့ အခြေအနေမှာလည်း ဒီဓာတ်ပြားကိုပဲ ပြန်ဖွင့်တာပါပဲ။ ဒါပေမဲ့ အခြေအနေက ၂၀၂၁ က အခြေအနေနဲ့ အခု ၂၀၂၄ က အခြေအနေက အများကြီးပြောင်းသွားပါပြီ။ အခု မြန်မာပြည်မှာရှိတဲ့ မြို့ပေါင်း ၆၀ လောက်က ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပါပြီ။ နယ်မြေ ၇၀ လောက်ကိုလည်း စိုးမိုးထားတဲ့အတွက် သူ့စစ်တပ်တောင်မှ စစ်စခန်းထဲက ထွက်လို့ရှိရင် ယူနီဖောင်းနဲ့ မထွက်ရဲတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ဒီအခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် မဲစာရင်းတွေ ကောက်မယ်ဆိုတာ အခု ပြည်သူ ၃ သန်းလောက်က စစ်ရှောင်ဒုက္ခသည်တွေ ဖြစ်နေတဲ့ အခြေအနေမှာ ဘယ်လိုမှတော့ ရွေးကောက်ပွဲ ကျင်းပနိုင်စရာ အကြောင်းအချက်က မရှိပါဘူး။”

ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပေးထားချက်အရ ကွက်ကြားရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်လာနိုင်စရာလည်း ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၈၅ မှာဆိုရင် “ပြည်ထောင်စုလွှတ်တော် ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း လူဉီးရေရဲ့ ထက်ဝက်ကျော် တက်ရောက်ရင် အစည်းအဝေး အထမြောက်တယ်” လို့ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ရှိပြီးသားဖြစ်လို့ ကွက်ကြားရွေးကောက်ပွဲလုပ်ပြီး ဒီအခြေအနေရောက်အောင် ဆွဲခေါ်သွားနိုင်ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိအခြေအနေအရ တပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ပေမဲ့ PR စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဂယ်ပေါက်တွေကိုသုံးပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲ လုပ်သွားနိုင်တယ်လို့လည်း ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“သူကတော့ လုပ်မှာပဲ။ သူက ၂၀၀၈ ကိုလည်း သုံးမယ်။ PR စနစ်ကိုလည်း သုံးမယ်။ ယူကရိန်းမှာ ရုရှားသိမ်းထားတဲ့နယ်မြေမှာ ရွေးကောက်ပွဲလုပ်သလိုပဲ လုပ်မယ်။ ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲလုပ်ပြီးတော့ သူက အဲဒါကိုလုပ်မှာပဲ။ တရားတာ၊ မတရားတာတွေ အဲဒါတွေ လာမပြောနဲ့၊ လေးပုံတပုံပဲယူမယ် ၂၀၀၈ အရ။ PR စနစ်လည်း သုံးမယ်။ စစ်မှုထမ်းဥပဒေအရ စုဆောင်းထားတဲ့ စစ်သားတွေနဲ့လည်း သေနတ်နဲ့ချိန်ပြီးတော့ ရွေးကောက်ပွဲကိုလုပ်မယ်။ ပထမတပိုင်းလုပ်မယ်။ နောက်ထပ်တပိုင်း လုပ်မယ်။ ပြီးရင် အစိုးရဖွဲ့မယ်။ အဲဒါမျိုး သူတို့လုပ်သွားမှာပဲ။”

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ခဲ့ပြီး ပါတီတွေအားလုံးကို မှတ်ပုံပြန်တင်ခိုင်းခဲ့သလို မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့လို ရွေးကောက်ပွဲအနိုင်ရ ပါတီတွေ အပါအဝင် ပါတီအများအပြားကိုလည်း ဖျက်သိမ်းထားပါတယ်။

အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲလုပ်မယ်လို့ အကြိမ်ကြိမ်ပြောဆိုလာခဲ့တဲ့ စစ်ကောင်စီအနေနဲ့ ဒီတကြိမ်မှာရော အမှန်တကယ် ရွေးကောက်ပွဲလုပ်လာမှာလား၊ ဘယ်လိုပုံစံနဲ့ လုပ်မှာလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013