မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းကနေ PDF ဆီကို ကျည်ဆန်တွေ ရောင်းချမှုနဲ့ အဆိုပါတပ်က ဗိုလ်ကြီးမျိုးဝင်းသူနဲ့ စစ်သည်ဇနီး ၂ ဦးတို့ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ အဲဒီတပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။
ခလရ ၅၀ တပ်နဲ့ နီးစပ်သူတဦးက “PDF တွေဆီကို ကျည်ဆန်တွေ ထုတ်ရောင်းနေတယ်ဆိုတဲ့ သတင်းထွက်လို့ လိုက်နေတာကြာပြီတဲ့။ ဗိုလ်ကြီးမျိုးဝင်းသူကိုတော့ ဗဟိုကင်း အချုပ်ထဲမှာထားပြီး စစ်နေတယ်။ စစ်သားတွေရဲ့ မိန်းမ ၂ ယောက်ကတော့ ရိုက်စစ်တာ လက်လွန်သွားလို့ ဂန့်ဂေါဆေးရုံမှာ တင်ထားရတယ်။ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်။ တပ်ထဲမှာလည်း လုံခြုံရေးတွေ အရမ်းတင်းကျပ်နေတယ်” လို့ DVB ကို ပြောပါတယ်။
ဗိုလ်ကြီးမျိုးဝင်းသူဟာ ဂန်ဂေါမြို့က ပျူစောထီးခေါင်းဆောင် ကိုဖိုးဇော်ကတဆင့် ရောင်းချခဲ့တာဖြစ်ပြီး စစ်သား ၂ ဦးရဲ့ မိန်းမကတော့ ပြင်ပပွဲစား ၂ ဦးနဲ့ ချိတ်ဆက်ကာ AK ကျည်တတောင့်ကို ၁၂,၀၀၀ နှုန်းနဲ့ အတောင့်ရေ ၇,၀၀၀ နီးပါးကို PDF ဆီ ရောင်းချခဲ့တာလို့ သိရပါတယ်။
နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေနဲ့ နီးစပ်သူတဦးက “သူတို့က ရတဲ့လစာနဲ့ မလောက်လို့ စားစရာမရှိလို့ ရောင်းတာပေါ့။ ဘယ်အောက်ခြေဝန်ထမ်းမှ မလောက်ဘူး။ လူကြီးတွေကျတော့ ခိုးချင်သလောက်ခိုးလို့ ကျိကျိတက်အောင် ချမ်းသာနေပြီး ရဲဘော်မိသားစုက ကျည်ဆန်ခိုးရောင်းတာကို အရေးယူပြီး စစ်သား ၂ ယောက်ကို သေလုမြောပါးဖြစ်အောင် နှိပ်စက်ပစ်တယ်” လို့ ပြောပါတယ်။
ဗိုလ်ကြီးမျိုးဝင်းသူရဲ့ ယောက္ခမဖြစ်သူဟာ လက်နက်ခဲယမ်းပို့တဲ့ယာဥ်နဲ့အတူ ဇွန် ၁၆ ရက် ညနေပိုင်းမှာ လိုက်ပါလာတယ်လို့ ခလရ ၅၀ တပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။