Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထိုင်းကုန်ပစ္စည်းများ ဈေးတက်
DVB
·
June 17, 2024

မွန်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ဘတ်ဈေး တက်လာတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နေပြီး အရောင်းအဝယ်လည်း ပါးနေတယ်လို့ ယိုးဒယားကုန်ပစ္စည်း ရောင်းဝယ်နေသူတွေက ပြောပါတယ်။

မြဝတီကိုသွားတဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ကားခတွေ ဈေးမြင့်တက်လာတဲ့အပြင် ဘတ်ဈေး တက်လာတာကြောင့်လည်း မြဝတီကုန်ပစ္စည်းတွေက မေလကနဲ့ယှဉ်ရင် ဈေးနှုန်းထက်ဝက်နီးပါး မြင့်တက်လာတယ်လို့ ကျိုက်ထိုမြို့နယ်ရှိ မြဝတီကုန်ပစ္စည်းရောင်းဝယ်သူတဦးက ပြောပါတယ်။

“မြဝတီလမ်း ပစ္စည်းသယ်တဲ့ ကားခတွေက အရင်ကထက် ၅ ဆကနေ ၁၀ ဆလောက်ထိကို တက်လာတာ။ အရင်က ဂျက်ဖာတဖာကို ၂,၀၀၀ တောင်မရှိဘူး။ အခု ၁၅,၀၀၀ လောက် ပေးရတယ်။ မြန်မာငွေကြေး အဆမတန်ကျနေတဲ့အချိန်မှာ ပစ္စည်းတွေက ဘတ်နဲ့ဝယ်‌ရတော့ ဈေးက ပိုများသထက် များသွားတာပေါ့။”

ဇွန် ၁၇ ရက် ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၁ ဘတ်ကို မြန်မာကျပ်ငွေ ၁၁၈ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ယိုဒယားက လာတဲ့ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ အသားမှုန့်၊ ကော်ဖီ အပါအဝင် အစားအသောက်ပစ္စည်းတွေမှာ ဈေးနှုန်းနှစ်ဆ မြင့်တက်လာပြီး အချိုရည်တွေနဲ့ အလှကုန်ပစ္စည်းတွေမှာ ၅၀ ရာခိုင်နှုန်းကျော် ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ယိုးဒယားကုန်ပစ္စည်းတွေ အဆမတန် ဈေးနှုန်းမြင့်တက်လာတာကြောင့် အရောင်းအဝယ်လည်း မရှိ‌သလောက် နည်းပါးနေတယ်လို့ ယိုးဒယားပစ္စည်းအရောင်းဆိုင် ဖွင့်ထားတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ပစ္စည်းဈေးတွေက တက်သွားတော့ ရောင်းတဲ့ဈေးပါ ကြီးသွားတယ်။ အဲဒါကြောင့် တော်တော်များများ မဝယ်ကြတော့ဘဲ အရောင်းတော်တော်ကိုကျသွားတယ်။ ကြက်သားမုန့် တထုပ် ၁၀,၀၀၀ ကျော်ကို ဘယ်သူက ဝယ်မလဲ။ အချိုရည်တဘူး ၂,၀၀၀ နီးပါး၊ အမွေးဆီတထုပ် ၆,၀၀၀ ကျော်၊ ဆပ်ပြာမုန့်တထုပ် ၁၅,၀၀၀။ ဘယ်အခြေခံလူတန်းစားမှ မဝယ်နိုင်ဘူး။ ဒီလအတွင်းလေးပဲ ဈေးထက်ဝက်ကျော်လောက် တက်သွားတာ။”

မြဝတီကိုသွားတဲ့ လမ်းကြောင်းတွေထဲက အာရှလမ်းမကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် သွားလို့မရသလို ထိုးကော်ကိုလမ်း၊ ကြက်ဥတောင်လမ်းနဲ့ ၁၀၁၈ လမ်းတို့မှာ မိုးတွင်းကာလ အသုံးပြုလို့ မရ‌တာကြောင့် တောင်တက်လမ်းဟောင်း (ချောက်ကမ်းပါးလမ်း) ကသာ ‌ကားတွေ အလှည့်ကျသွားနေရတယ်လို့ ကားသမားတဦးက ပြောပါတယ်။

"အာရှလမ်းမကြီး အသုံးပြုလို့မရတဲ့အချိန်ကစပြီး တောလမ်းတွေဖြစ်တဲ့ ထိုးကော်ကိုလမ်း၊ ကြက်ဥတောင်လမ်းနဲ့ ၁၀၁၈ လမ်းတို့အသုံးပြုသလို လမ်းဟောင်းကိုလည်း သုံးတယ်။ အခု မိုးတွင်းဖြစ်တော့ လမ်းတွေက အကုန်လုံးပျက်စီးပြီး ကြက်ဥတောင်လမ်းနဲ့ ၁၀၁၈ လမ်းတို့က လုံးဝ သုံးမရ‌တဲ့အခြေအနေ ဖြစ်နေတယ်။ လမ်းဟောင်းနဲ့ ထိုးကော်ကိုလမ်းက သုံးလို့ရတယ် ဆိုပေမယ့် လမ်းပျက်စီးတာနဲ့ ယာဉ်ကြောပိတ်တာဖြစ်တော့ အဲဒီလမ်းမှာပဲ နှစ်ရက်လောက် ကြာတယ်။”

ထိုင်းဘတ်ငွေဈေးနှုန်း မတည်ငြိမ်မှုနဲ့အတူ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒေသတွင်းမှာ ထိုင်းကုန်ပစ္စည်းတချို့ ပြတ်လပ်တာနဲ့ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ထိုင်းနိုင်ငံကနေလာတဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေကုန်ပစ္စည်းတွေကိုပါ အဓိကအားထားပြီး သုံးစွဲနေရတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013