အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ ဇွန် ၁၇ ရက်က ခရီးသည်တင်ရထားတစင်းရဲ့ နောက်ပိုင်းကို ကုန်ရထားက ဝင်တိုက်မိလို့ လူ ၁၃ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရရဲတပ်ဖွဲ့က ပြောပါတယ်။
ရထားသံလမ်းပေါ်မှာ ကုန်စည်ရထားပေါ်က ကုန်သေတ္တာတွေ ပြန့်ကျဲနေပြီး ရထားတွဲ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်။ ရထားတိုက်မှုဖြစ်ပွားတဲ့ နေရာမှာ လူအများအပြား ဝိုင်းကြည့်နေတာလည်း မြင်ရပါတယ်။
ကုန်ရထားဟာ နိုင်ငံအရှေ့မြောက်ပိုင်း အဂ္ဂါတာလာပြည်နယ်ကနေ အနောက်ဘန်ဂေါပြည်နယ်ရဲ့ မြို့တော် ကိုလ်ကတ္တားကို လာနေတဲ့ ကန်ချန်ဂျန်ဂါ အမြန်ရထားကို ဝင်တိုက်မိလို့ ရထားတွဲ ၃ စီး ရထားလမ်းပေါ်ကနေ ပြုတ်ထွက်ကျခဲ့ပါတယ်။
အပျက်အစီးများတဲ့ ရထားတွဲတွေအတွင်း နောက်ထပ်လူတွေ ပိတ်မိနေမှာကို စိုးရိမ်တယ်လို့ မီးရထားအရာရှိတွေက ပြောပေမဲ့ အသေးစိတ်အချက်အလက်တွေကို ချက်ချင်း မသိရသေးပါဘူး။
အိန္ဒိယနိုင်ငံရဲ့ အစိုးရပိုင် မီးရထားစနစ်မှာ ဆယ်စုနှစ် ၂ ခုအတွင်း အဆိုးရွားဆုံး ရထားတိုက်မှုအဖြစ် လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့တဲ့ ဩဒစ်သျှပြည်နယ်တွင်း ရထားတိုက်မှု ဖြစ်ပွားပြီး တနှစ်အကြာမှာ ခုတခါ မတော်တဆမှု ဖြစ်ခဲ့တာပါ။
Source-Reuters