Home
မြန်မာသတင်း
ပြည်ပဝယ်လိုအားကောင်းသဖြင့် ပြည်တွင်းပြောင်းဈေး ဆက်တက်
DVB
·
June 17, 2024

ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအား တက်နေတာကြောင့် မြန်မာပြည်တွင်း ပြောင်းဈေး ဆက်လက်မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံ တပိဿာကို ၁,၃၀၀ ကျပ် ဝန်းကျင် ရှိရာကနေ လက်ရှိမှာ ၁,၄၅၀ ကျပ်အထိ မြင့်တက်လာပါတယ်။

ပြည်တွင်းပြောင်းကို ထိုင်းနိုင်ငံက အများဆုံးဝယ်ယူနေပြီး အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ဝယ်လိုအားကောင်းနေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ပြောင်းကုန်သည်တဦးက “ပြည်ပက ဝယ်လိုအား အရမ်းတက်တဲ့အချိန် ဖြစ်နေတာပေါ့။ ပြီးတော့ ဒီမှာက လက်ကျန်ပြောင်းလည်း တော်တော်နည်းနေပါတယ်။ တောက်လျှောက်တော့ ဝယ်နေပါတယ်၊ ဝယ်လက်များတယ်။ ကမ္ဘာ့ပြောင်းဈေးကလည်း တက်ပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာပြောင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ စတင်တင်သွင်းနေတယ်လို့ သိရပြီး ထိုင်းနိုင်ငံကလည်း မြန်မာပြောင်းတွေကို ဖေဖော်ဝါရီကနေ ဩဂုတ်လကုန်အထိ အကောင်ခွန်ကင်းလွတ်ခွင့်အဖြစ် ခွင့်ပြုထားပါတယ်။

မြန်မာ-ထိုင်း နယ်စပ် မြဝတီလမ်းကြောင်းကနေ နှစ်စဉ် ပုံမှန်တင်ပို့လေ့ရှိပေမဲ့ အခုနှစ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လမ်းကြောင်းအခက်အခဲအရ ရေလမ်းကို အဓိကထား တင်ပို့နေရတယ်လို့ ပြောင်းလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

ပြောင်းကုန်သည်တဦးက “မြဝတီကနေ ပို့လို့မရသေးဘူး၊ လမ်းကြောင်းပိတ်ထားတုန်းပဲ။ ဖွင့်ဖို့ ညှိနှိုင်းနေတယ်လို့တော့ ကြားတာပဲ။ လက်ရှိကတော့ ရနောင်းရယ်၊ တာချီလိတ်တို့ကနေ အဓိကပို့နေပါတယ်။ ရနောင်းက ပင်လယ်ရေကြောင်းကနေ သွားတာပါ။ မြဝတီလမ်းကြောင်းက ပို့ရတာ ကုန်ကျစရိတ် သက်သာတာပေါ့။ ပင်လယ်ရေကြောင်းက ပို့ရတာ ကုန်ကျစရိတ် ပိုများပါတယ်” လို့ ပြောပါတယ်။

မြန်မာ့ပြောင်းကို ပြည်ပတင်ပို့မှုအနေနဲ့ အခုဘဏ္ဍာနှစ် ဧပြီကနေ မေလအထိ နှစ်လအတွင်း ပြောင်းတန်ချိန် ၄ ဒသမ ၇၇ သိန်းအထိ တင်ပို့ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013