Home
မြန်မာသတင်း
မဏိပူရ အင်ဖာဗဟိုအကျဉ်းထောင်တွင်  မြန်မာနိုင်ငံသား ၃၀ ခန့် အစာငတ်ခံ ဆန္ဒပြ
DVB
·
June 17, 2024

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ အင်ဖာဗဟိုအကျဉ်းထောင်မှာ မြန်မာနိုင်ငံသား အယောက် ၃၀ ဝန်းကျင်လောက်ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ မြန်မာပြည်ကို ပြန်ပို့ခံရမှာ စိုးရိမ်တာကြောင့် အစာငတ်ခံ ဆန္ဒပြနေပါတယ်။

အင်ဖာဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးဟာ ဇွန် ၁၆ ရက် မနက်ကစပြီး ပြန်လွှတ်ပေးဖို့  အစာအငတ်ခံ ဆန္ဒပြနေတာလို့ သူတို့ကို ကူညီပေးနေတဲ့ India For Myanmar က ဆလိုင်းဒိုခါရ်က DVB ကို ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြန်လွှဲပေးတာ ရှိလာတဲ့အတွက် လုံခြုံရေးစိုးရိမ်ချက်တွေ ရှိလာတာနဲ့ မဏိပူရအကျဉ်းထောင်အာဏာပိုင်တွေက လူ့အခွင့်အရေးချိုးဖောက်တာတွေ အများအပြားရှိလာတဲ့အတွက် အခုလို အစာငတ်ခံ ဆန္ဒပြရတာလို့ သိရပါတယ်။

မဏိပူရပြည်နယ်အစိုးရဟာ မေ ၂ ရက်နဲ့ ဇွန် ၂ ရက်နေ့တွေတုန်းကလည်း ထိန်းသိမ်းထားတဲ့ မြန်မာဒုက္ခသည် ၇၈ ဦးကို ၂ သုတ်စီခွဲပြီး မြန်မာဘက်ကို  ပြန်ပို့ခဲ့တာပါ။

တပတ် တကြိမ်သာ ရေချိုးခွင့်ရတာ၊ ဆေးကုသခွင့်နဲ့ သောက်ရေသန့်နဲ့ မရတာ၊ ထောင်ထဲမှာ မီးဖွားတဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့်မရတာတွေ ကြုံနေရပြီး အစာငတ်ခံ ဆန္ဒပြသူတွေဟာ သတ်မှတ် ပြစ်ဒဏ်ကျခံတာ ပြည့်ပြီးသားသူတွေ ဖြစ်တယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

India For Myanmar အဖွဲ့မှ ဆလိုင်းဒိုခါရ်က “ထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ လိုပါတယ်။ သူတို့က ထောင်ဒဏ် ပြစ်ဒဏ်ကျခံပြီးသားလူတွေ ဖြစ်တဲ့အတွက် အခုလိုဆက်ပြီး ထိန်းသိမ်းခံနေရတာက သူတို့ရဲ့ အခြေခံအခွင့်အရေးတွေအားလုံး သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ဆုံးရှုံးနေရတာဖြစ်တယ်။ တချို့ဆို ပညာသင်အရွယ်ဖြစ်ပြီး ထောင်ထဲ ၂ နှစ်လောက် ထည့်ခံရတဲ့အခါကျ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်တယ်။ သာမန်ပြည်သူတွေကို ဒီမိုကရေစီအကြီးဆုံးနိုင်ငံက ဒီလို ပြင်းပြင်းထန်ထန်လုပ်တာက မဖြစ်သင့်ဘူး ကန့်ကွက်တယ်”လို့ ပြောပါတယ်။

အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို သူတို့ကို ကူညီပေးနေသူတွေကတဆင့် ရရှိခဲ့ပြီး သူတို့ကို  အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ဇွန် ၁၆ ရက် မနက်ပိုင်းကစပြီး ထောင်ကကျွေးတဲ့ မနက်စာကို လက်မခံတော့ဘဲနဲ့ အစာငတ်ခံ ဆန္ဒပြတာလို့လည်း သိရပါတယ်။

ဇွန် ၁၇ ရက် နေ့လယ်ပိုင်းအထိတော့ အိန္ဒိယအာဏာပိုင်တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်လာတာ မရှိသေးဘူးလို့ ကူညီပေးနေသူတွေကနေ သိရပါတယ်။

အစာအငတ်ခံ ဆန္ဒပြသူတဦးက “အကုန်လုံးစုစုပေါင်းက ၉၉ ယောက်ရှိတယ်။ ၉၉ ယောက်ထဲက ကျနော်တို့ကို လွတ်မြောက်ပြီးသားသူတွေ ဖြစ်တယ်။ ကျနော်တို့ကို တရားရုံးက လွတ်ပြီဆိုတဲ့အကြောင်း သိရတဲ့အတွက် ဒါကို ဆက်စုံစမ်းတဲ့အခါကျတော့ မဏိပူရက ကျနော်တို့ကို ဆက်ထိန်းသိမ်းထားတဲ့သဘောလို့ ကျနော်တို့ သိရတယ်။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးပါလို့၊ ဒါမှမဟုတ် ဖမ်းဆီးခံရတဲ့ မိုရေးမြို့ကို ပြန်ပို့ပေးပါဆိုပြီး ဒီမနက်ကနေပြီး အစာငတ်ခံ ဆန္ဒပြနေကြတာ”လို့ ပြောပါတယ်။

အစာငတ်ခံ ဆန္ဒပြသူတွေအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက် မအောင်မြင်သရွေ့ ဆက်ပြီး ဆန္ဒပြမယ်လို့ ပြောဆိုပါတယ်။

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး လွတ်ရက်စေ့ပေမဲ့ ပြန်မလွှတ်ပေးတာကြောင့် မြန်မာ ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မဏိပူပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ပြီး ထောင်အာဏာပိုင်တွေက လာရောက်ညှိနှိုင်းတာကြောင့် ပြေလည်မှု ရခဲ့ပါတယ်။

မြတ်ကြီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013