Home
မြန်မာသတင်း
ရခိုင်တွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေ
DVB
·
June 18, 2024

ရခိုင်ပြည်နယ်မှာ မြို့နယ်အလိုက် ကုန်စည်စျေးနှုန်းတွေဟာ ဆက်လက်မြင့်တက်နေတာကြောင့် ပြည်သူတွေ အခက်အခဲ ကြုံနေကြတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

ထပ်ဆင့်မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေမှာ စားသောက်ကုန် အဓိကပါဝင်နေတယ်လို့ မြောက်ဦးဒေသခံတဦးက ပြောပါတယ်။

“ကုန်စျေးနှုန်းတွေက အတက်အကျတော့ ပုံမှန်လိုဖြစ်နေတယ်။ ဒါပေမဲ့ ကျတာကနည်းပြီး တက်တာကများပါတယ်။ ကုန်စျေးနှုန်းတက်တဲ့အထဲမှာ စားကုန်တွေက အဓိက အတက်ကြမ်းတယ်။ အခုလည်း တပတ်ကျော်အတွင်းမှာ ၂ ဆလောက် ထပ်တက်နေတယ်။”

မြောက်ဦး အပါအဝင် ရခိုင်မြောက်ပိုင်းမြို့နယ်တွေဟာ အိန္ဒိယကုန်စည်လမ်းကြောင်းကို အဓိကအားထားကာ ကုန်စည်တွေ တင်သွင်းနေကြတာဖြစ်ပြီး လမ်းခရီးဖြောင့်ဖြူးခြင်း မရှိတာကြောင့် ကုန်စျေးနှုန်းတွေကတော့ သိသာစွာ ကျဆင်းတာ မရှိပါဘူး။

ရခိုင်မြောက်ပိုင်းမြို့နယ်တွေရဲ့ လတ်တလော ကုန်စည်စျေးတွေကတော့ ပေါ်ဆန်းမွှေးဆန် တအိတ်ကို ၁ သိန်းကျပ်၊ စက်သုံးဆီ ၁ လီတာကို ကျပ် ၁၅,၀၀၀၊ ပဲဆီ ၁ ပိဿာကို ကျပ် ၂၄,၀၀၀၊ ကြက်သွန်နီ ၁ ပိဿာကို ကျပ် ၄၀,၀၀၀၊ ငရုတ်ကောင်းစေ့ နို့ဆီဘူး ၁ ဘူးကို ကျပ် ၆,၀၀၀၊ ဟင်းချိုမှုန့် ၁ ဘူးကို ၃,၅၀၀ ကျပ်၊ ငရုတ်သီးခြောက် ၁ ပိဿာကို ၃၃,၀၀၀ ကျပ် စသဖြင့် အသီးသီးရှိနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ကုန်စည်လမ်းကြောင်းတွေ ပိတ်ဆို့ခံရပြီးနောက် ရခိုင်ဘက် ကုန်စည်စျေးနှုန်းတွေဟာ ကုန်ပစ္စည်းတခုကို မူလစျေးထက် ၃ ဆကနေ ၁၀ ဆအထိ မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်ထိလည်း အဆိုပါစျေးဟာ ကျဆင်းခြင်းမရှိသေးဘဲ ထပ်ဆင့်မြင့်တက်နေပါတယ်။

ဒီလိုထပ်ဆင့်မြင့်တက်လာတဲ့အထဲမှာ စစ်တွေမြို့နယ်ဟာ ကုန်စည်စျေးအမြင့်ဆုံး အနေအထား ရှိနေပြီး ဆန်တအိတ်ကို ကျပ် ၃ သိန်းဝန်းကျင်နဲ့ ဓာတ်ဆီ ၁ လီတာကို ကျပ် ၃ သောင်းအထိ ရှိနေတယ်လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

“ဒီမှာ ဆန်တအိတ်ကို ၃ သိန်းဝန်းကျင် ရှိပါတယ်။ ဓာတ်ဆီကတော့ 92 တလီတာ ၃ သောင်းဖြစ်နေပြီ။ တခြားစားကုန်တွေလည်း စျေးထပ်တက်နေတယ်ကြားတယ်။ ကုန်စျေးတွေကတော့ သိပ်ကျတယ်ရယ်လို့လည်း မရှိပါဘူး။ အမြဲတမ်းတက်နေတာပဲ။ ကုန်တွေဝင်ဖို့ လမ်းကြောင်းရှာရတာကလည်း လွယ်မှမလွယ်တာကိုး။”

ရခိုင်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လူမှုစီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ခက်ခဲနေချိန်မှာ ကုန်စျေးနှုန်းတွေကလည်း အဆမတန် မြင့်နေတာကြောင့် ဒေသနေသူတွေဟာ များစွာအခက်အခဲကြုံနေကြပြီး ဒီလိုအခက်အခဲတွေကြောင့် ပြည်မနဲ့ တခြားနိုင်ငံတွေကို ထွက်ခွာဖို့ကိုလည်း အများအပြား ကြိုးစားလာနေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024