Home
သတင်းဓာတ်ပုံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲနှင့်   “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင် အထူးပွဲ အမေရိကန်တွင် ကျင်းပ    
DVB
·
June 18, 2024

ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားနဲ့ “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" အထူးရုပ်ရှင်ပြပွဲကို ဒေသစံတော်ချိန်ဇွန် ၁၅ ရက်က အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ် ပြည်နယ်၊ ကာဘိုရိုမြို့မှာ ကျင်းပခဲ့ပါတယ်။

Artists' Shelter အဖွဲ့က စီစဉ်တင်ဆက်တဲ့ သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ဇာတ်လမ်းတိုပြပွဲတွေမှာ Together ၊ ငါတို့မှာ ငါတို့ပဲရှိတယ်၊ The Unknown Infinity ၊ Guilt စတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၄ ခုကို ပြသခဲ့တာပါ။

ဒီပွဲမှာ “ငါတို့မှာငါတို့ပဲရှိတယ်” ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ငြိမ်းသစ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဒါရိုက်တာဏကြီး၊ ပိုင်ဖြိုးသုနဲ့  တခြား သရုပ်ဆောင်တွေကတော့ Zoom ကနေတဆင့် ပွဲတက်ရောက်ခဲ့ကြပါတယ်။

ရုပ်ရှင်ပြပွဲကို အမေရိကန်ပြည်ထောင်စု မြို့ပေါင်း ၂၀ ကျော်မှာ ပြသခဲ့ပြီး နိုင်ငံတဝန်း မြို့တွေမှာ ထပ်မံပြသပြီး ရရှိတဲ့ ရန်ပုံငွေတွေကို တော်လှန်ရေးမှာ လိုအပ်တဲ့ နေရာတွေကို ပေးပို့လှူဒါန်းနေတယ်လို့ Artists' Shelter အဖွဲ့က ပြောပါတယ်။

သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ Acoustic Music Concert ကိုအွန်လိုင်းက တဆင့်ပြုလုပ်ခဲ့ပြီးနောက်မှာ တော်လှန်ရေးရန်ပုံငွေ ပိုမိုရရှိရေးအတွက် ရုပ်ရှင်ဇာတ်လမ်းတိုတွေကို နိုင်ငံတကာမှာပြသပြီး ရန်ပုံငွေရရှိဖို့ ပြည်ပရောက် အနုပညာရှင်တွေ စုစည်းထားတဲ့ Artists' Shelter က ကြိုးစားနေတာ ဖြစ်ပါတယ်။

ရုပ်ရှင်ပြပွဲတခုချင်းစီကနေ အမေရိကန်ဒေါ်လာသောင်းချီတဲ့ရန်ပုံငွေတွေရရှိခဲ့ပြီး မြို့ပေါင်း ၂၀ မှာ ပြသခဲ့တာကြောင့် ဒေါ်လာသိန်းချီတဲ့ရန်ပုံငွေတွေကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

ဇွန် ၁၆ ရက်မှာလည်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်ရဲ့ “An Unlikely Prisoner” စာအုပ်လက်မှတ်ရေးထိုးပွဲနဲ့ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပါတယ်။ 

Free Burma Action Committee-Northern California က စီစဉ်ကျင်းပတဲ့  ဒီအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်တက်ရောက်ပြီး အမေးအဖြေကဏ္ဍကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားတွေအပြင် ၊ အကျဉ်းခံဘဝ ပါမောက္ခ ရှောင်တာနယ် အတွက် ပန်းချီကား တချပ်ကိုလည်း လေလံတင်ရောင်းချရာ မိုးယုနွေဦးတော်လှန်စျေးအဖွဲ့က လေလံအောင်နိုင်ခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ နှင်းဆီနီလှုပ်ရှားမှုကို  မြန်မာအမေရိကန် အမျိုးသမီးများ မဟာမိတ်အသင်းနဲ့ ပူးပေါင်းပြီး မြောက်ပိုင်းကာလီဖိုးနီးယားရှိ ထောက်ပို့ပြည်သူတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ  စုစည်းပါဝင်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013