ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းက မိုးရွာသွန်းမှုများပြီး ကမ်းပါးပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အေးမြသာယာကျေးရွာအုပ်စု တောင်ပြိုကျေးရွာရှိ ကုမ္ပဏီ မြေစာပုံအနီး ရေမဆေးကျောက် ရှာဖွေနေစဉ် ကမ်းပါးပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူတဦး မြေစာပုံ ကျောက်တုံး ကျောက်ခဲတွေ ပိပြီး သေဆုံးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “နေ့လယ် ၁၂ နာရီကျော်လောက်က မိုးအတော်ရွာတယ်။ မြေတွေလည်း ပွနေတာ။ အဲဒီအချိန် ရေမဆေးကျောက်ရှာနေရင်း ကမ်းပါးပြိုကျပြီး အောက်ကို ပါသွားတယ်။ ကျောက်ခဲတွေ မြေစာတွေ ပိပြီး သေသွားတယ်” လို့ ပြောပါတယ်။
ကမ်းပါးပြိုကျတဲ့အတွက် မြေစာပုံပိပြီး သေဆုံးသွားခဲ့သူဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးဖြစ်ပြီး လူမှုကူညီရေးအသင်းတွေက သူ့ရုပ်အလောင်းကို သယ်ယူသွားကြောင်း သိရပါတယ်။
ဖားကန့်မြို့နယ်မှာ မိုးရာသီကာလအတွင်း မြေစာပုံပြိုကျခြင်း၊ နွံကန်ပေါက်ခြင်းတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်ကလည်း မှော်စီစာကျေးရွာအုပ်စု သာယာကုန်းကျေးရွာမှာ မြေစာပုံ ပြိုကျခဲ့တဲ့အတွက် ကျောက်တူးဖော်နေသူတဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။