ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၆ ဦးကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ဒေသခံတွေက ကြိုတင် သတင်းပေးပို့ထားတဲ့အတွက် ဆန်ခလပူရီရဲတပ်ဖွဲ့၊ စစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်လမ်းကြောင်းတလျှောက် လှည့်လည်စစ်ဆေးစဉ် ဇွန် ၁၇ ရက် ညနေ ၆ နာရီလောက်မှာတော့ ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဆောင်းကားလေးတောစပ်နားမှာ ခြေလျင်လျှောက်ပြီး ဝင်လာတဲ့ လူတစုကို တွေ့ ရှိတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတာမှာ အဆိုပါလူအုပ်ထဲမှာ လူကြီး ၅၃ ဦး၊ မှီခိုသူ ကလေး ၃ ဦး စုစုပေါင်း ၅၆ ဦးရှိကြောင်း၊ ထိုင်းဘာသာစကားလည်း နားမလည်၊ နိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထားလည်းတခုမှ မပြနိုင်ဘူးလို့ ဆိုပါတယ်။
နိုင်းပိုင် ဆိုသူကို ခေါ်ပြီး ဘာသာပြန်ခိုင်းရာမှာတော့ သူတို့ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်မှာ သွားပြီးအလုပ်လုပ်ဖို့ မြန်မာပြည် ဘုရားသုံးဆူ တောလမ်းဘက်ကနေ ဝင်ရောက်လာစဉ် ခုလို အဖမ်းခံရတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက သူတို့ကို လဝက ဥပဒေနဲ့ အရေးယူဖို့ ဆန်ခလပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ကိုးကား - ကန်ကျနပူရီ ဒေသတွင်းသတင်း