Home
မြန်မာသတင်း
ပဲခူးရိုးမ၊ နတ်မောက်နှင့် မြိုင်တို့တွင် တိုက်ပွဲများဖြစ်ပွား၊ ထီးလင်းတွင် စစ်တပ်က ခုခံစစ်အတွက် ပြင်ဆင်နေ
DVB
·
June 18, 2024
Photos ၊ Video - Earthquake People's Defense Force
Photos ၊ Video - Earthquake People's Defense Force
Photos ၊ Video - Earthquake People's Defense Force

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ဆီကနေ သိရပါတယ်။

တပ်ခွဲ-၁ YOMA (GBK) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တော်လှန်ရေးရဲဘော်တဦးက “‌ေ–းအင်အား ၉၀ လောက်နဲ့ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးတက်လာတဲ့ကောင်တွေနဲ့ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာ။ ‌ေ–းဘက်က ၁၈ ကောင်သေတယ်။ ၁၀ ကောင်ထက်မနည်း ဒဏ်ရာရသွားကြတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲဟာ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တဦး ကျဆုံးတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ရဲ့ တာဝန်ခံတဦးက “ကျနော်တို့တပ်ပေါင်းစုထဲက တပ်ခွဲ-၁ YOMA (GBK) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တဦး ကျဆုံးပြီးတော့ ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စခန်းတခုကို မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက်လည်း တဲ ၃၂ လုံး မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ပေါင်းစုတွေဟာ ‌ေ–းတပ်နဲ့ သူတို့ရဲ့ထောက်တိုင် ပျူစောထီးတွေကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမှာပါ။ ပြည်သူလူထုတွေအနေနဲ့လည်း ကျနော်တို့ကို ပစ်မထားကြပါနဲ့” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ-၅ ကြို့ပင်ကောက် HERO ပြောက်ကျား၊ တပ်ခွဲ-၁ YOMA (GBK) PDF၊ တပ်ခွဲ-၂ (Phoenix DF)၊ တပ်ခွဲ-၄ (BRA)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ-၄ မြေအောက်ပြောက်ကျား (အုတ်ဖို)၊ နတ်တလင်းမြို့ (ပကဖ) ဧရာညီနောင်စစ်ကြောင်းနဲ့ ပဲခူးခရိုင်တပ်ရင်း ၃၇၀၁ တပ်ခွဲ-၂ BTZM (GBK) PDF ရိုးမညီနောင်မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သာယာဝတီခရိုင်ထဲက ပဲခူးရိုးမအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကို စစ်ကောင်စီအနေနဲ့ သတင်းထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

မကွေတိုင်း၊ နတ်မောက်မြို့နယ်မှာ ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက မိုင်းကွင်းစောင့်နေတဲ့ PDF ရဲဘော်တွေကို လာဝိုင်းတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော်စစ်တိုင်း တပ်ရင်း ၉၀၃၊ တပ်ခွဲ ၁ ဂဠုန် PDF ကနေ သိရပါတယ်။

နတ်မောက်မြို့နယ် ပန်းညို(မြောက်)ရွာနား အနောက်ဘက်မှာ မိုင်းကွင်းစောင့်နေတဲ့ PDF ရဲဘော်တွေကို ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီလောက် စစ်ကောင်စီတပ်က လာဝိုင်းလို့ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က DVB ကို ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်တဲ့သူတယောက် သေဆုံးကာ တယောက်ကတော့ လက်တဖက်ပြတ်ပြီး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေ ကျကျန်ခဲ့တဲ့ ၆၀ မမ ထိပ်ဖူးတခုကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂဠုန် PDF နဲ့ နေပြည်တော်စစ်တိုင်း တပ်ရင်း ၉၀၂ နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဇွန်လ ၁၅ ရက်နေ့၊ မနက် ၁၁ နာရီခွဲ၀န်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့​တယ်လို့ Earthquake People's Defense Force ဆီကနေ သိရပါတယ်။

Earthquake People's Defense Force ရဲ့ တပ်ဖွဲ့၀င်တဦးက “ကိုင်းတောမစခန်းရဲ့အရှေ့ဘက်ကို အစာရှာထွက်လာတာတဲ့ ‌ေ-း ၁၅ ကောင်ပါတဲ့စစ်ကြောင်းကို သူတို့စခန်းနဲ့ မီတာ ၅၀ လောက်မှာပဲ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

၁၅ မိနစ်နီးပါး အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကနေ MA 1 သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၃၄ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့​ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့မှာ နောက်ထပ်တိုက်ပွဲတွေ အများကြီးဖော်ဆောင်ရဦးမှာမို့ လက်နက်ခဲယမ်းတွေ လိုအပ်ပါတယ်။ စစ်အာဏာရှင်အမြတ်ပြတ်ချေမှုန်းဖို့အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေအတွက် ပြည်သူတွေဘက်ကနေ အားဖြည့်ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ” လို့ Earthquake People's Defense Force အဖွဲ့ တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People's Defense Forceı Pakokku People's Defense Forces Young Force UG၊ Hunter PKU၊ မြိုင် ပကဖ၊ Justice Revolution Force နဲ့ Thu Rain TR တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့က စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ခုခံစစ်အတွက် ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ကျန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ရွှေထီးခန်းမမှာ တပ်စွဲထားတဲ့ စစ်သားတွေက မြို့ပေါ်နဲ့ မြို့ပတ်ပတ်လည်ကို ကတုတ်ကျင်းတွေတူး၊ ဘန်ကာတွေဆောက်ပြီး PDF တွေရဲ့ မြို့သိမ်းတိုက်ပွဲအတွက် ခံစစ်ပြင်နေကြတယ်။ သူတို့လုပ်နေတာ ၁ လလောက်တောင်ရှိနေပြီ” လို့ ပြောပါတယ်။

ထီးလင်းမြို့က ရွှေထီးခန်းမမှာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၃၀၀ ဝန်းကျင် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“စစ်သားတွေတပ်စွဲနေတဲ့ MRTV ရုံး၊ ​မီးသတ်ရုံး ကုန်းတွေမှာဆိုရင် ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အမာ လုပ်ထားပြီးပြီ။ မြို့ပတ်ချာလည်ကိုလည်း နင်းမိုင်းတွေ၊ တိုက်မိုင်းတွေနဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားသလို မြို့ပေါ်ကို နေ့ရောညပါ မပြတ် ကင်းလှည့်နေတယ်။ မြို့ပေါ်မှာလည်း သူတို့လူလောက်ပဲ ကျန်တော့တယ်။ မြို့ခံတော်တော်များများက ဒီမြို့က ထွက်သွားကြတာ ကြာပြီ။ ကျနော်တို့တောင် သူတို့နဲ့လုပ်နေတဲ့ အလုပ်တွေ မပြတ်သေးလို့ နေနေရတာ” လို့ ထီးလင်းမြို့က စစ်တပ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

ထီးလင်းမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာတွေ၊ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013