Home
မြန်မာသတင်း
မြစ်ကြီးနားတွင် စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်ဖြင့် ရောင်းချနေ
DVB
·
June 18, 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေပြီး စက်သုံးဆီတွေ ပြတ်လပ်နေကာ ဇွန် ၁၇ ရက်က စတင်ပြီး တချို့စက်သုံးဆီအရောင်းဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချနေကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့မှာရှိတဲ့ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် အတော်များများ ဆီပြတ်လပ်နေတဲ့အတွက် ရောင်းချမှု ရပ်နားထားပြီး တချို့ဆိုင်အနည်းငယ်ကတော့ စက်သုံးဆီ လိုသလောက် ရောင်းချပေးနိုင်ခြင်းမရှိဘဲ အကန့်အသတ်နဲ့သာ ရောင်းချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အေးမြသာယာရပ်ကွက်မှာ နေထိုင်သူတဦးက “ဆိုင်ကယ်အတွက် ဆီက ဘယ်မှာထည့်ရမှန်း မသိဘူး။ မြို့ထဲမှာက ဆီဆိုင်အတော်များများ ပိတ်ထားပြီ။ တချို့ဆိုင်တွေကလည်း ဆိုင်မပိတ်ဘဲ ဆီထည့်မယ့်သူတွေကို ဆီမရှိကြောင်း လက်ခါပြနေတယ်။ ရှိတဲ့ဆိုင်တွေမှာကလည်း တန်းစီပြီး အကန့်အသတ်နဲ့ ဝယ်နေရတယ်” လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဝိုင်းမော်-ကန်ပိုင်တည်လမ်း ပိတ်ထားတဲ့အတွက် တရုတ်ပြည်ဘက်က ဝင်ရောက်တဲ့ စက်သုံးဆီကားတွေ ဝင်ရောက်နိုင်ခြင်းမရှိတာကြောင့် စက်သုံးဆီပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်လာကြောင်း သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းတဦးက “စက်သုံးဆီကို အရင်က မြစ်ကြီးနား-ရွှေဘို လမ်းဘက်ကနေ သွင်းတယ်။ နောက်ပိုင်း အဲဒီလမ်းကြောင်းက အဆင်မပြေဖြစ်တော့ တရုတ်ပြည် ကန်ပိုင်တည်ဘက်ကနေ လှည့်သွင်းရတယ်။ အခု အဲဒီလမ်းကြောင်းပါ နိုင်ငံရေးအခြေအနေကြောင့် ပိတ်ထားတယ် ဆိုတော့ စက်သုံးဆီဈေးနှုန်း မြင့်ပြီး ဆီတွေပါ ပြတ်သွားတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ စက်သုံးဆီ ဓာတ်ဆီစျေးနှုန်း 92 တလီတာ ကျပ် ၄,၅၀၀ နဲ့အထက်၊ 95 တလီတာ ကျပ် ၅,၀၀၀ နဲ့အထက်ရှိပြီး အကန့်အသတ်နဲ့ ရောင်းချနေကာ တချို့ဆိုင်တွေကတော့ စက်သုံးဆီရောင်းဝယ်မှု ရပ်နားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013