မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာအုပ်စု၊ တရော်ပင်ကျေးရွာကို ဇွန် ၁၅ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၃၅ လုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲမှာ အထိနာသွားတဲ့ ေ–းစစ်ကြောင်းက တရော်ပင်ရွာကို ဝင်ပြီး မီးရှို့သွားတာပါ။ အိမ် ၃၅ လုံးနီးပါး မီးလောင်သွားတယ်။ ေ–းဆိုတဲ့အမျိုးက အဲ့လိုပဲလေ၊ နာလာရင် ဟိုကိုက် ဒီကိုက် လုပ်တာပဲ” လို့ ပြောပါတယ်။
ဇွန် ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ တရော်ပင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တရော်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “တရော်ပင်ရွာကို စစ်ကြောင်းထိုးလာတဲ့ ေ–းစစ်ကြောင်းကို လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ နှစ်ဖက်ပစ်ခတ်မှုက မိနစ်အနည်းငယ်ဖြစ်တယ်။ ေ–းဘက်က စစ်ဗိုလ်တဦးသေပြီး စစ်ေ–းတွေ အများအပြား ဒဏ်ရာရသွားတယ်။ ထုံးကြီးစခန်းက ရဲေ–းတကောင်ဆို ခြေထောက်နှစ်ဖက်လုံး ပြတ်သွားတယ်လို့ ကနဦးသိရတယ်။ သေတဲ့အရေအတွက် များတယ်။ အတိအကျရဖို့ စုံစမ်းနေတုန်းပါ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲမှာ စစ်ဗိုလ်တဦးထက်မက သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေ များပြားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပေမဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချယ်နယ်တွေမှာတော့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိလို့ သပိတ်ကျင်းမြို့နယ်က စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဥ်မှာ ပင်လည်ကြီးဘက်က စစ်ကောင်စီတပ်သားတွေနဲ့ ရွာတော်လေးကျေးရွာနဲ့ ရွှေပြည်ကျေးရွာ ဆေးပေးခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
အိမ်ခြေ ၁၂၀ နီးပါးရှိတဲ့ တရော်ပင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၃၅ လုံးနီးပါး မီးလောင်ပျက်စီးပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးတဝိုက်က ကျေးရွာတွေကို စစ်သားနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ ဇွန် ၁၇ ရက် ၁၁ နာရီက စတင်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ကန့်ဘလူမြို့နယ်ဘက်ကနေ ကျွန်းလှမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
ကျွန်းလှဒေသခံ ပြည်သူတဦးက “သူတို့က ကန့်ဘလူမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာပြီး ကျနော်တို့ရွာဘက်ကို စစ်ကြောင်း ပြောင်းထိုးလာတာ။ ဘာတွေထပ်ဖြစ်ကြမလဲတော့ မသိရဘူး။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေကြရတယ်။ ပြေးရတဲ့ရွာတွေက သဖန်းဆိပ်ဆည် အနီးဝန်းကျင်က အင်တိုင်းရွာ၊ ကျွဲတဲရွာ၊ အင်လှရွာနဲ့ မြနှစ်ရွာက ပြည်သူတွေ နေရပ်စွန့်ခွာ နေကြရတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းလာလို့ ကျေးရွာ ၄ ရွာက ပြည်သူ ထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုချက်ရယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
စစ်ကြောင်းပြန်လည်ထွက်ခွာခြင်း မရှိသေးတာကြောင့် ရွာအတွင်း အခြေအနေကတော့ အသေးစိတ်ပြောပြလို့ မရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းအတွင်းပါလာတဲ့ စစ်တပ်ဟာ ခမရ ၃၆၁ က စစ်သားတွေနဲ့ ကန့်ဘလူနယ် ဝါသဝလက်အောက်ခံ ပျူစောထီးတွေ ဖြစ်တယ်လို့လည်း ကျွန်းလှမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
ကျွန်းလှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက “သူတို့ စထွက်တာနဲ့ ကန့်ဘလူမြို့နယ် ရွှေပေါ်ကုန်းကနေ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာကို စဝင်လာတာပေါ့။ သူတို့လာတာနဲ့ ဒေသခံတွေ ကယ်ထုတ်ရတာပေါ့ဗျာ။ သူတို့ ရွာထဲမရောက်ခင်တော့ တဲတွေ မီးရှို့တယ်။ အနီးပတ်ဝန်းကျင်က ရွာတွေလည်း ရှောင်ခိုင်းထားရတယ်။ ဒီကောင်တွေက လူစိတ်ရှိတဲ့ ကောင်တွေ မဟုတ်ဘူး။ အခုလည်း အင်းတိုင်ရွာထဲမှာ စခန်းချ နေထိုင်နေကြတယ်” လို့ ပြောပါတယ်။
ပြီးခဲတဲ့ ဇွန် ၁၅ ရက် နေ့ခင်းပိုင်း ၁၂ နာရီ ၁၅ မိနစ်ကလည်း ကျွန်းလှမြို့နယ်၊ အိမ်ခြေကျေးရွာအုပ်စု၊ ရွာကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပြီး စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။