Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် ဆက်တိုက်နေတယ် 
DVB
·
June 18, 2024

ဘုရားသွား ကျောင်းတက်၊ တရားအားထုတ်ခြင်းတွေနဲ့ ဘဝရဲ့နေဝင်ချိန်ဟာ ဖြည်းဖြည်း အေးအေး၊ သက်သောင့်သက်သာ၊ မြန်မာ့လူမှုပြဋ္ဌာန်းဖတ်စာက အဲဒီလိုဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နံရံလေးဖက်ကြား အထီးကျန် ကြံ့ကြံ့ခံ၊ နောက်တလှမ်းမဆုတ် စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်လျက်။

အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီးတယောက်အတွက် အထီးကျန်ခြင်းဆိုတာ စာဖွဲ့ပြစရာ မလိုလောက်အောင် အသားတကျ။ မြန်မာ့ဒီမိုကရေစီခရီးကြမ်းကို စတင်လျှောက်လှမ်းပြီး မကြာခင်မှာပဲ အကြောက်ကြီးလှတဲ့ စစ်အာဏာရှင်တွေက ပြည်သူထောက်ခံမှုကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူနဲ့ အဆက်ဖြတ်ဖို့ရာ နေအိမ်အကျယ်ချုပ်ဘဝ။ တကြိမ်ပြီး တကြိမ် ၁၅ နှစ်ကျော်ကြာ တကိုယ်တော် အထီးကျန် ဧကစာ။ တခါတရံ စန္ဒရားသံသဲ့သဲ့၊ စာအုပ်ဖတ်၊ ရေဒီယိုနားထောင်၊ တရားထိုင်ခြင်းတို့နဲ့ သံမဏိနှင်းဆီ ဒေါင်ဒေါင်မြည်။

အဲဒီလို တိုက်ပွဲခေါ်သံတွေကြား ယုံကြည်ချက်ကို ကျစ်ကျစ်ပါဆုပ်ခဲ့လို့ပဲ သူကိုယ်တိုင်ပင် မမှတ်မိနိုင်တဲ့ နိုင်ငံတကာဆုတံဆိပ်တွေ အထွေးလိုက်ရခဲ့တယ်။ တော်ရုံလူဆို ရူးသွားနိုင်တဲ့ အဲဒီဆုတံဆိပ်တွေက ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ အထင်ရောက်စေမယ့် ထင်တလုံးပိုင်ရှင် အဖြစ်သို့ ဒေါ်အောင်ဆန်းစုကြည်ကို မပြောင်းလဲနိုင်။ အဲဒီ ဝင်လိုက်ထွက်လိုက် အကျယ်ချုပ်ဘဝကို တိုင်းပြည်အတွက် ပေးဆပ်သူကြီးအဖြစ် သူ့ကိုယ်သူ မခံယူ။ အထီးကျန် တိတ်ဆိတ် ၁၅ နှစ်ကျော်ကို သူ့ရဲ့ ရွေးချယ်မှုလို့သာ ရိုးရိုးလေး ကောက်ချက်ဆွဲပြခဲ့တယ်။

အဲဒီ ၁၅ နှစ်ကျော်မှာ လောကဓံတွေနဲ့ သွေးခဲ့တဲ့ သူ့နိုင်ငံရေး အရောင်အသွေး ပိုမိုတောက်ပြောင်သွားစေတာမို့ စစ်ဗိုလ်ချုပ်တို့ လက်မှိုင်ချ၊ ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား မမြင်ရ၊ မတွေ့ရ၊ မပြောရ၊ မဆိုရ၊ အနေဝေးခဲ့ကြပေမဲ့ တသွေးတည်း နှီးပြီးဖြစ်ကြောင်း လက်ခံခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည် မပါရဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဒုတိယအာဏာရှင် ဖော်စပ်ထားတဲ့ စစ်တပိုင်း ဒီမိုကရေစီ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ငြင်းဖို့ရာ မဖြစ်နိုင်တော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လက်ခံခဲ့ရတယ်။ နိုဘယ်လ်ဆုရှင် ကမ္ဘာ့အဆင့် နိုင်ငံရေးခေါင်းဆောင်တဦးက သာမန်လွှတ်တော်အမတ်ထိုင်ခုံပေါ် သိမ်ငယ်ခြင်းမရှိ ရဲရဲကြီး ထိုင်ပြခဲ့တယ်။

စစ်ဗိုလ်ချုပ်တချို့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ရောဂါ ရခဲ့ကြတယ်။ နိုင်ငံရေးလောကဓံလမ်းပေါ် ဗွက်ပေါက်အောင် လျှောက်ခဲ့တဲ့ မနေ့က ဒေါ်အောင်ဆန်းစုကြည် လမ်းကို မေ့ကာ ငါတို့လည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်ပါတယ်လို့ စစ်ဗိုလ်ချုပ်တို့ ထုံးစံအတိုင်း စိတ်ကြီးဝင် စိတ်ကူးယဉ်ကြတယ်။ တချို့က ရိုးရိုးသားသား ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူဘက် မျက်နှာမူကာ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးယဉ်။ စစ်ဗိုလ်ချုပ်များစွာကတော့ သူတောင်ဖြစ်သေး ငါတို့က ဘာလို့မဖြစ်ရမှာလဲလို့ မမီမကမ်း ပခုံးချင်းယှဉ် စိတ်ကူးယဉ်။ ဒေါ်အောင်ဆန်းစုကြည်လို နောင်ဘဝ ၁၀ ခါ ကြိုးစားလည်း မဖြစ်နိုင်မှန်း သိရတဲ့အချိန်မှာတော့ အခုအခံရှိပြီးသား အာဃာတ ပိုမိုကြီးထွားလာကာ အမုန်းမီး တောက်လောင်ခဲ့ကြ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လမ်းသူ မယွင်း ဆက်ထွင်းခဲ့တယ်။

အကြောပေးရတာတွေနဲ့ အကန့်အသတ်မျိုးစုံကြား ပြည်သူတွေ အတည်ပြုပေးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာ့နိုင်ငံရေး အလှည့်အရွေ့။ မြန်မာပြည်သူရော နိုင်ငံတကာကပါ မြင်ချင်တဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာတယ်။ စစ်ဗိုလ်ချုပ်များစွာက အမုန်းဓာတ်ခံကြီးလေတော့ ဆတ်ဆတ်ခါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုးရိုးလေးပဲ တိုင်းပြည်ကို ဦးဆောင်၊ တိုင်းပြည် ရှေ့မရောက်စေရေး ဆူးညှောင့်ခလုတ် အပြည့်နဲ့ အသဲအသန် နောက်ပြန်ဆွဲနေတဲ့ကြားက ရှေ့ရောက်အောင်လှမ်းခဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ နှစ်တာ ဦးဆောင်မှုဟာ တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် ရေခံမြေခံကောင်းတွေ ချပေးနိုင်ခဲ့တယ်ဆိုရင် ဘယ်သူငြင်းမလဲ။

၂၀၂၀ မှာ စစ်အုပ်စုခေါင်းပေါ် ပြည်သူပစ်လိုက်တဲ့ မိုးကြိုး ထပ်သင့်ပြန်တော့ လူယောင်ဆောင်ထားသမျှ လုံးတီးကျွတ်ကာ အာဏာဘီလူးတွေ ဘီလူးဆိုင်းတီးတော့တယ်။

ချက်ချင်းဆိုသလို နိုင်ငံတော်အတိုင်ပင်ခံမှသည် နိုင်ငံရေးအကျဉ်းသားဘဝ။ ချက်ချင်းဆိုသလို တိုင်းပြည်ဟာ ဇောက်ထိုး။ နိုင်ငံတော်၊ ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တထပ်တည်း ကံဆိုးမိုးမှောင်ကျ။ အာဏာရမ္မက်လည်းကြီး၊ အငြိုးအတေးလည်းကြီး၊ သင်ခန်းစာလည်း အကြီးကြီးရခဲ့တဲ့ မင်းအောင်လှိုင်က သူ့အရင် စစ်အာဏာရှင်တွေထက် ပိုမိုရက်စက် ကြမ်းကြုတ်စွာ လောင်မြိုက်လို့။

ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မမျိုးစုံနဲ့ နှစ်ရှည်ထောင်ချတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပယ်ဖျက်၊ ထောင်သွင်းအကျဉ်းချ၊ သိပ်မကြာသေးခင်ကတော့ ရာသီဥတုအကြောင်းပြ ဒေါ်အောင်ဆန်းစုကြည်ကို လူသိမခံရဲတဲ့ နေအိမ်တလုံးမှာ ထားတယ်လို့ ဆိုပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ ပြန်ထည့်လိုက်ပြီလို့လည်း ခပ်သဲ့သဲ့ ကြားရပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်နေရာမှာပဲထားထား မတုန်လှုပ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲရဲ့ နိဒါန်းအစ ရုန်းထွက်ခဲ့တဲ့ CDM တွေ ရုံးပြန်တက်စေရေး ဒေါ်အောင်ဆန်းစုကြည် တခုခုပြောပေးဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်ခဲ့ကြောင်း ကြားခဲ့ဖူးတယ်။ အဲဒီနောက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ရွှေပြည်အေးတရားဟောကာ ငြိမ်းချမ်းရေးမိခင်ကြီးဘွဲ့ကို ခံယူ၊ ပြီးရင်တော့ နိုင်ငံရေးပင်စင်ယူကာ စစ်ကောင်စီလုပ်သမျှ ဆွံ့အနားမကြားပမာ ဘာဖြစ်ဖြစ် ငုတ်တုတ်ထိုင် ကြည့်နေဖို့ စစ်ကောင်စီ ကမ်းလှမ်းတယ်လို့ ထပ်ကြားရ။ ဒေါ်အောင်ဆန်းစုကြည် ရယ်နေရုံကလွဲ ဘာများတတ်နိုင်ဦးမှာလဲ။

အဲဒါကြောင့်လည်း စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ကြတယ်။ အဲဒါကြောင့်လည်း မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို ကြောက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး ပလက်ဖောင်းပေါ်ကနေ ရှင်းပစ်ဖို့ လုံ့လစိုက်ရတယ်။

မင်းအောင်လှိုင်ရဲ့ မဟာရည်မှန်းချက်ဟာ ပြည်သူမပေးတဲ့အာဏာ ဆုပ်ဆုပ်ပိုင်ပိုင် ရရှိရေးသာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကိုပါ ရှင်းပစ်နိုင်ရေး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က အညံ့မခံ၊ အရှုံးမပေး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ သူ့ခရီးသူ ဆက်နှင်။ သူ့နိုင်ငံရေး ဘယ်လိုရှင်းပစ်မှာတုန်းလို့ အသံမဲ့ မေးခွန်းထုတ်နေသလိုမျိုး။

၇၉ နှစ်ဆိုတဲ့အရွယ် ဒေါ်အောင်ဆန်းစုကြည် ဆက်တိုက်နေတယ်။ ၇၉ နှစ်ဆိုတာ နောင်သံသရာအရေး အလေးပေး အားထုတ်ရတော့မယ့်အရွယ်။ ဒါပေမဲ့ ဒီအမေအို ဘယ်နားနိုင်ရှာမလဲ။ ဒေါ်အောင်ဆန်းစုကြည် သေဖို့ရာလည်း အသေအချာ ပြင်ဆင်ပြီးသားမို့ မသေမချင်း ဆက်လက်ရှင်သန်သွားမယ်လို့ ယုံကြည်တယ်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် ဒေါင်ဒေါင်မြည် ရှေ့သို့ချီမြဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024