အနောက်နိုင်ငံတွေ ထိန်းချုပ်ထားခြင်းမရှိတဲ့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေးစနစ်တွေ တည်ဆောက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကတိပြုလိုက်ပြီး သူ့ရဲ့ မယိမ်းယိုင်တဲ့ ထောက်ခံမှုကို ဖော်ပြရေးသားထားတဲ့ စာတစောင်ကိုလည်း မြောက်ကိုရီးယားကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ပူတင်ရဲ့ ခရီးစဉ်မတိုင်ခင် ဇွန် ၁၈ ရက်က မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာမှ ထုတ်ဝေခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အာဏာရ အလုပ်သမားပါတီရဲ့ အာဘော်တွေကို ဖော်ပြပေးနေတဲ့ နိုဒုံးဆင်မွန်း သတင်းစာမှာ ပုံနှိပ်ထားတဲ့ စာထဲမှာ ရုရှားသမ္မတက သူတို့ ၂ နိုင်ငံဟာ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုနဲ့ ယုံကြည်မှုတို့ကို အခြေခံပြီး လွန်ခဲ့တဲ့ နှစ် ၇၀ အတွင်း ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ မိတ်ဖက်ဆက်ဆံရေးတွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ပြောကြားထားပါတယ်။
ရုရှားက ယူကရိန်းမှာ သူ့ရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်ဝေါ်တဲ့လုပ်ရပ်ကို ထောက်ခံအားပေးတဲ့ မြောက်ကိုရီးယားကို ကျေးဇူးတင်ရှိကြောင်းနဲ့ အမေရိကန်ရဲ့ ဖိအားပေးမှု၊ လှောင်ပြောင်မှုနဲ့ စစ်ရေးခြိမ်းခြောက်မှုလို့ ဆိုတာတွေ ရှိနေပေမဲ့လည်း ပြုံယမ်းရဲ့ သူ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုတွေကိုလည်း ထောက်ခံကြောင်း ကတိပြုခဲ့ပါတယ်။
ပူတင်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို ဇွန် ၁၈ ရက်က စတင်ပြီး ၂ ရက်ကြာ သွားရောက်လည်ပတ်မှာဖြစ်ကြောင်း ၂ နိုင်ငံစလုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နောက်တရက်မှာ သတင်းစာက အဲဒီဆောင်းပါးကို ထုတ်ဝေခဲ့တာပါ။
Source-Reuters