ဘဏ်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းပြီးနောက်ပိုင်း ငွေသားရှားပါးမှုနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ငွေကြေးထုတ်ယူတဲ့အခါ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ပေးဆောင်နေကြရတာကြောင့် ပြည်သူတွေ အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Kpay, Wave pay တခြား ငွေလွှဲငွေထုတ်ဝန်ဆောင်မှု လုပ်ငန်းတွေကနေ ငွေကြေး ထုတ်ယူနေကြရတာလို့ မြေပုံဒေသခံတဦးက ပြောပါတယ်။
“ငွေထုတ်တဲ့ရာခိုင်နှုန်းကတော့ ကျသွားတယ်လို့ သိပ်မရှိပါဘူး။ လမ်းတွေ အပိတ်ခံရကတည်းက ငွေထုတ်ရင် ရာခိုင်နှုန်းပေးနေရတာက ပုံမှန်အတိုင်းပဲ။ တလောလောက်ကတော့ ၄ ရာခိုင်နှုန်းလောက်အထိတော့ ဖြစ်သွားတယ်။ အခုတော့ ငွေအနည်းအများအလိုက် ၆ ရာခိုင်နှုန်းကျော်ကနေ ၈ ရာခိုင်နှုန်းအထိ ပေးရတယ်။”
ငွေထုတ်ယူရာမှာ အခုလို ရာခိုင်နှုန်းအမြောက်အမြား ပေးဆောင်နေကြရတဲ့အပြင် လိုအပ်သလောက် ထုတ်ယူလို့လည်း မရနိုင်တာတွေ ရှိနေတယ်လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။
“ငွေလည်ပတ်နှုန်းက အရမ်းနှေးနေတော့ ရာခိုင်နှုန်းတွေကပဲ ပိုပိုပြီး ပေးလာကြရတယ်။ ငွေထုတ်ဈေးမြင့်တာက လမ်းတွေအပိတ်ခံထားရတာကြောင့်လည်း ပါသလို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ အဆင်မပြေတာကြောင့်လည်း ပါတယ်။ အခုတလောမှာတော့ ငွေက လိုသလောက် ချက်ချင်းမရနိုင်ဘဲ ရက်ပိုင်းနဲ့ စောင့်ရတာတွေ ရှိလာတယ်။”
ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသတွင်း ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း အားလုံးနီးပါးကို ပိတ်ဆို့ခံလိုက်ရတဲ့နောက် မြို့နယ်အလိုက် ဘဏ်လုပ်ငန်း လည်ပတ်မှုတွေလည်း ရပ်ဆိုင်းသွားတဲ့ ရခိုင်ပြည်နယ်မှာ ငွေသားရှားပါးမှုကို အဓိကကြုံနေကြရတာပါ။
လက်ရှိမှာလည်း ငွေသားရှားပါးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ငွေစက္ကူတွေ ဟောင်းနွမ်း စုတ်ပြဲတာတွေ များပြားလာပြီး မြို့နယ်အားလုံးနီးပါးမှာ ငွေစက္ကူအဟောင်းအနွမ်းတွေကို အသုံးမပြုတော့တဲ့ ပြဿနာနဲ့လည်း ကြုံနေကြရတယ်လို့ သိရပါတယ်။