Home
မြန်မာသတင်း
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ရပ်တန့်ရန် တော်လှန်အမျိုးသမီးများ တောင်းဆို
DVB
·
June 18, 2024
Photo - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြီးလေးသည့် ပြစ်ဒဏ်ပေးရေး လှုပ်ရှားမှု၊ ၂၀၁၈ ခုနှစ်။

ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တော်လှန်အမျိုးသမီးအစုအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (Myanmar-Women, Peace and Security) က ဇွန် ၁၄ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေထဲက အမျိုးသမီးတွေဟာ ပဋိပက္ခအတွင်း လိင်နဲ့ ကျား၊မ အခြေပြုအကြမ်းဖက်မှုတွေ တွေ့ကြုံခံစားနေရပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးမှာ အကြမ်းဖက်ခံရတာတွေနဲ့ပတ်သက်တဲ့ တိုင်ကြားမှုယန္တရား စနစ်ကျမှု အားနည်းနေခြင်းကြောင့် အကြမ်းဖက်မှုကျူးလွန်သူတွေက  ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတာဟာ အမျိုးသမီးတွေအတွက် အလွန်ကြီးမားတဲ့ လုံခြုံရေး စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ထိရောက်စွာ တားဆီးကာ ကွယ်ဖြေရှင်းနိုင်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ခေါင်းဆောင်တွေကို အချက် ၇ ချက်ကို တောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအချက်တွေထဲမှာတော့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊မအခြေပြုအကြမ်းဖက်မှုတွေ ကျူးလွန်မှုမရှိစေဖို့ သက်ဆိုင်ရာ ခေါင်းဆောင်တွေက မူဝါဒတွေ ချမှတ်ပေးဖို့နဲ့ အဆိုပါမူဝါဒတွေကို အလေးထား လိုက်နာအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး တွန်းအားပေးဖို့၊ မိမိတို့အဖွဲ့အတွင်း အသက်ဝင်တဲ့ အကြမ်းဖက်မှုတိုင်ကြားရေးယန္တရားကို တည်ဆောက်ပေးဖို့၊ ပြည်သူတွေကို တိုင်ကြားရေးယန္တရားနဲ့ ဝန်ဆောင်မှုအဆင့်ဆင့်ကို သိရှိလာစေရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာပါ။

ဒါ့အပြင် တိုင်ကြားမှုတွေကို တရားမျှတစွာ ဘက်လိုက်ခြင်းမရှိဘဲ အချိန်နဲ့ တပြေးညီ ကိုင်တွယ်ဖြေရှင်းပေးဖို့၊ အကြမ်းဖက်မှုကျူးလွန်သူကို ပြစ်မှုပြစ်ဒဏ်ပေးတာတွေ၊ အရေးယူမှုဖြစ်စဉ်တွေကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးဖို့လည်း ထည့်သွင်းထားတဲ့အပြင် တိုင်ကြားရေးယန္တရားတွေ၊ ကော်မတီတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ၊ မသန်စွမ်းသူတွေ အားလုံး ပါဝင်မှုရှိစေရေး အလေးပေးဆောင်ရွက်ပေးဖို့လည်း ပြောထားပါတယ်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှုတွေကိုလည်း အောက်ခြေမှစတင်ကာ ခေါင်းဆောင်တွေအထိ သိရှိစေဖို့ အဆင့်ဆင့် လုပ်ဆောင်ဖို့၊ စစ်သင်ရိုးညွှန်းတမ်းတွေ၊၊ သင်တန်းတွေမှာ ထည့်သွင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုကို ခံစားရသူတွေ၊ မိသားစုဝင်တွေကို ဝန်ဆောင်မှုပေးရာမှာ ရှင်သန်ကျန်ရစ် သူဗဟိုပြုချဉ်းကပ်နည်းနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေကို ထည့်သွင်း စဉ်းစားတဲ့ အစီအမံတွေ ချမှတ်ထားဖို့နဲ့ မိမိတို့အစုအဖွဲ့အတွင်း ဘယ်လို အကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကိုမဆို လုံးဝလက်သင့် မခံရေးမူနဲ့ အဆိုပါမူကို ကျင့်သုံးမှု ရှိစေရေး အလေးပေးဆောင်ရွက်ဖို့ စတဲ့ အချက်တွေ ပါဝင်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း ရှိနေကြတဲ့ အမျိုးသမီးတွေ အချင်းချင်း အတွေ့အကြုံတွေနဲ့ ခံစားချက်တွေ မျှဝေစုစည်းနိုင်ဖို့နဲ့ မိမိတို့သက်ဆိုင်ရာအစုအဖွဲ့တွေမှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးယန္တရားတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ်တွေထဲ ပြုလုပ်ခဲ့ရာမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ စုစုပေါင်း ၁၇ ဖွဲ့က အမျိုးသမီး ၄၅ ဦး ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (Myanmar-Women, Peace and Security) ကတော့ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တည်ဆောက်ရာမှာ အမျိုးသမီးတွေနဲ့ ကျား၊ မ တန်းတူညီမျှရေး ပါ၀င်လာစေဖို့ ရည်ရွယ်ကာ မြန်မာနိုင်ငံက ကျား၊ မ တန်းတူ ညီမျှရေး၊ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့တွေ၊ ကွန်ရက်တွေနဲ့ စုစည်းထားတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013