အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ရန်ကုန်က ဆေးရုံတခုမှာ ဇွန်လအစောပိုင်းကစပြီး ဆေးကုသမှု ခံယူနေတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ယာယီသမ္မတ အငြိမ်းစားဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှု ခံယူနေတာဖြစ်တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“ကျန်းမာရေးက ပြီးခဲ့တဲ့နှစ်ကတည်းက မကောင်းတာ၊ အသက်ပဲ ၇၀ ကျော်နေပြီ၊ နှလုံးရော ဆီးချိုရောဖြစ်လို့ ဆေးရုံတက်နေတာ၊ ရန်ကုန်မှာပဲ ဘယ်ဆေးရုံလဲတော့ မသိဘူး။”
လူမှုကွန်ရက်စာမျက်နှာမှာ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး စစ်ကောင်စီတပ်က အရာရှိကြီးတချို့က မှန်ကန်မှုမရှိကြောင်း ပြန်လည် ဖြေရှင်းကြတာလည်း တွေ့ရပါတယ်။
အသက် ၇၀ ကျော် ရှိနေပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေဟာ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ၂၀၁၀ ပြည့်နှစ်မှာ အငြိမ်းစားယူခဲ့တာပါ။
အာဏာမသိမ်းခင်အထိ နယ်စပ်ဒေသတလျှောက်ရှိ ရှေ့တန်းသုတေသနစခန်းတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဦးမြင့်ဆွေ သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“စစ်တပ်က အာဏာမရယူခင် ဇန်နဝါရီလ ၃၁ ရက်အထိ ဦးမြင့်ဆွေနဲ့ တပ်နဲ့အတူ ရှိနေတာ၊ တပ်ကတော့ သူ့ကို တတ်နိုင်သလောက် ကူညီပေးမှာပဲ၊ ဆေးရုံတက်တာကအစပေါ့။”
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးကာ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေကို သမ္မတနေရာပေးခဲ့တဲ့ စစ်တပ်ဘက်က ဒုသမ္မတ ကျန်းမာရေးအရ ဆေးရုံတင်ထားကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။