အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာဟာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်နဲ့ အိန္ဒိယမြို့တော် နယူးဒေလီမှာ ဇွန် ၁၇ ရက်က တွေ့ဆုံခဲ့ပါတယ်။
“နှစ်နိုင်ငံ၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေအတွက် ကျယ်ပြန့်တဲ့ ဆွေးနွေးချက်တရပ်” လို့ ဂျိုင်ရှန်ကာက ဆိုရှယ်မီဒီယာပလက်ဖောင်း X မှာ ပြောပါတယ်။
“အိန္ဒိယ-အမေရိကန် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးဟာ ကျနော်တို့ရဲ့ သက်တမ်းသစ်မှာ ခိုင်ခိုင်မာမာ ဆက်တိုးတက်နေမယ်လို့ ယုံကြည်တယ်” လို့လည်း ဂျိုင်ရှန်ကာက ဆက်ရေးပါတယ်။
မိုဒီရဲ့ အဖွဲ့ဝင် ၇၂ ဦးပါတဲ့ ဝန်ကြီးများကောင်စီမှာ ပါဝင်ပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ဂျိုင်ရှန်ကာဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒုတိယသက်တမ်းကို ဆက်တိုက် ခန့်အပ်ခံထားရပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ပါတီက ရွေးကောက်ပွဲမှာ အများစု အနိုင်မရတဲ့အတွက် မဟာမိတ်တွေရဲ့ အကူအညီနဲ့ မိုဒီ ရာထူးပြန်တက်လာပြီးတဲ့နောက်ပိုင်း အမေရိကန်အဆင့်မြင့်အရာရှိတဦး ပထမဆုံး လာရောက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်မြေပေါ်မှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တဦးကို သတ်ဖြတ်ဖို့ အိန္ဒိယအစိုးရအေးဂျင့်တွေက ကြံစည်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပြီး ကနေဒါကလည်း အလားတူ စွပ်စွဲခဲ့ပါတယ်။
ဒီအမှုတွေဟာ အမေရိကန်နဲ့ အိန္ဒိယအစိုးရတို့ကြား ဆက်ဆံရေးကို စမ်းသပ်ခဲ့တာပါ။ ကနေဒါရဲ့ စွပ်စွဲချက်တွေကို အိန္ဒိယက ပယ်ချခဲ့ပေမဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို စတင်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
Source-Reuters