Home
မြန်မာသတင်း
ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် သေဆုံး
DVB
·
March 8, 2024
pri 832024

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၄ နှစ် ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတယောက် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရတာကြောင့် မတ် ၆ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။

အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးဟာ မတ် ၆ ရက် မနက် ၅ နာရီခွဲလောက်မှာ သေဆုံးခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်ကနေ မတ် ၈ ရက်အထိ ၁ လအတွင်း ဆေးဝါးကုသခွင့် လုံလုံလောက်လောက်မရတာကြောင့် ပဲခူးတိုင်းထဲမှာ နိုင်ငံရေး အကျဉ်းသား ၂ ယောက် အကျဉ်းထောင်တွင်းမှာပဲ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးခင်စိုးဟာ ဝေါမြို့၊ ကတွတ်ရွာမှာ နေထိုင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က မတရားဖမ်းဆီးပြီးနောက် ပုဒ်မ ၅၂ (က)၊ ၅၀ (ည) တို့နဲ့ တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် ၁၄ နှစ် ချခံထားရသူ ဖြစ်ပါတယ်။

ထောင်ဝန်ထမ်းတဦးက “ကျန်းမာရေး မကောင်းဖြစ်နေတာ ၂ လလောက်တော့ ရှိပြီ။ အပြင်ဆေးကုသခွင့်လည်း ခဏခဏ တောင်းခံပေမဲ့ ထောင်အာဏာပိုင်‌တွေဘက်က မသိချင်ယောင်ဘဲ ဆောင်နေခဲ့တယ်။ ၅ ရက်နေ့ ညက အခြေအနေ တော်တော်ဆိုးနေလို့ အရေးပေါ်အော်ပြီး အကူညီတောင်းခံကြတာ အကြိမ်ကြိမ်ပဲ။ ထောင်အာဏာပိုင်တွေကလာလည်း မကြည့်ကြဘူး။ အရေးပေါ်အော်ရင် ဘာဖြစ်ဖြစ် လာကြည့်ရမယ်။ တံခါးဖွင့်ပြီး စစ်ဆေးစရာရှိတာ စစ်ဆေးရမယ်။ ဆေးဝါးကုသမှု ပေးရမယ်။ လိုအပ်ရင် ဆေးရုံတက်ခိုင်းတာမျိုး၊ အပြင်ဆေးရုံပို့ပေးတာမျိုး လုပ်ရမယ်ဗျ။ ခုဟာက အောက်ဝန်ထမ်းတွေကလည်း သတင်းပို့ထားတယ်ပဲ ပြောပြီး မသိချင်ယောင် ဆောင်နေတာတွေ့ရတယ်။ လူ့အသက်ဗျ။ ကာယကံရှင်မှာ ခက်ခက်ခဲခဲ ဝေဒနာခံစားရပြီး သေဆုံးသွားခဲ့ရတာ အရမ်းဝမ်းနည်းဖို့ကောင်းတယ်ဗျ” လို့ PPNM ကို မတ် ၆ ရက် မနက် ၉ နာရီလောက်မှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၅၀၅/၁၂၄ တို့နဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၈ အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေးဝင်းဟာလည်း ဆေးဝါးစောင့်ရှောက်မှု မရခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က အကျဉ်းထောင်တွင်းမှာ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၆ နှစ်ချခံထားရတဲ့  အသက် ၃၅ နှစ်အရွယ် မယဉ်မိုးဟာ ကျောက်ကပ်ရောဂါနဲ့ မန္တ‌လေးဆေးရုံကြီးမှာ သေဆုံးခဲ့ရပြီး မကွေးထောင်မှာ ထောင် ၁၅ နှစ် အကျဉ်းချခံထားရတဲ့ မကွေးတက္ကသိုလ်၊ ဓာတုဗေဒ ဂုဏ်ထူးတန်းကျောင်းသူ အသက် ၂၂ နှစ်အရွယ် မစုအောင်ဟာလည်း ဇန်နဝါရီ ၂၂ ရက်က မကွေးဆေးရုံကြီးမှာ သေဆုံးခဲ့ရပါတယ်။

ဆေးရုံတွေမှာ သေဆုံးခဲ့ရပေမဲ့ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မပေးတာ၊ ဆေးရုံကို အချိန်မီ မပို့တာတို့ကြောင့်ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဆေးဝါစောင့်ရှောက်မှု‌ လုံလုံလောက်လောက်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ၇ ယောက်ရှိပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013