တရုတ်နိုင်ငံဘက်ကနေ ဝင်ကြည့်ဖို့လိုပြီး တရုတ်အားကောင်းလာမှုကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားရင် ပိုဆိုးလာနိုင်ပြီး ဒေသတွင်း သဘောကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မတ်လ ၇ ရက်မှာ ပြောပါတယ်။
နိုင်ငံတွေအနေနဲ့ တရုတ်ဘက်က ဝင်ကြည့်ဖို့လိုကြောင်း၊ စစ်ရေးအင်အား ဖြည့်တင်းလာတာ၊ သံတမန်ရေး ဩဇာလွှမ်းမိုးမှု တိုးပွားလာတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နည်းပညာ အားကောင်းလာတာရဲ့ ဖြစ်ရိုးဖြစ်စဉ် ရလဒ်တခုသာဖြစ်တယ်လို့ တရုတ်ခေါင်းဆောင်တွေ မြင်ကြမှာဖြစ်ကြောင်း အန်ဝါက ကန်ဘာရာမြို့၊ ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှာ မိန့်ခွန်းပြောတဲ့အချိန် ထည့်ပြောသွားပါတယ်။
“သူတို့မျက်လုံးထဲမှာတော့ဗျာ တရုတ်ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နည်းပညာပိုင်းအရ အားကောင်းလာတာအပေါ် ဆန့်ကျင်တဲ့လုပ်ရပ်တွေဟာ သမိုင်းမှာ သူတို့ရဲ့ ရှိသင့်တဲ့ တရားဝင်နေရာကို ငြင်းပယ်ဖို့ ကြိုးစားတာထက် မပိုဘူးလို့ မြင်ကြမှာပဲ” လို့ အန်ဝါက ပြောကြားခဲ့ပါတယ်။
ဩစတြေးလျမှာ ကျင်းပတဲ့ အာဆီယံနဲ့ ဩစတြေးလျ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အန်ဝါဟာ တရုတ်နဲ့ စေ့စပ်ညှိနှိုင်းလိုတဲ့ သဘောထားကို အတိအလင်း ထုတ်ဖော်ခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မ ဖာဒီနန်မားကို့စ်ဂျူနီယာက သူ့နိုင်ငံဟာ အမေရိကန်နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှာဖြစ်ပြီး အငြင်းပွားပိုင်နက်မှာ တရုတ်ကျူးကျော်မှုကို ဟန့်တားသွားမယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ အန်ဝါကတော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွားရေးပေါင်းစည်းမှုကို အထောက်အကူ ဖြစ်စေတဲ့ အပြုအမူမျိုးနဲ့ ဆောင်ရွက်ကြဖို့ တရုတ်၊ အမေရိကန်နဲ့ တခြား အာရှပစိတ်ဖိတ်ဒေသ နိုင်ငံတွေကို တိုက်တွန်းဖို့ ဩစတြေးလျမှာ တာဝန်ရှိတယ်လို့ ပြောသွားပါတယ်။
Source/Photo-Reuters