ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြှောက်ရေးတပ်မတော် (PNLA) က မတ် ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဓာတုအဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်တာကြောင့် PNLA တပ်သားတချို့ ရှူရှိုက်မိပြီး အရေပြားယားယံတာ၊ မူးဝေ့တာ၊ အသက်ရှူမြန်တာ၊ စိတ်လှုပ်ရှားမှုမြန်တာ၊ မောပန်းတာ၊ အောက်ဆီဂျင်ကျတာတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
"ဆီဆိုင်ကို သူတို့ အဆိပ်ငွေ့ဗုံးကြဲတာ တိုက်ပွဲဖြစ်ပွားမှု မရှိပါဘူး၊ တမင်သက်သက် အဆိပ်ငွေ့ဗုံးနဲ့ လာတိုက်ခိုက်တာဖြစ်တယ်။ ရှူရှိုက်မိတဲ့ ရဲဘော်၊ ထိခိုက်တဲ့ ရဲဘော်တွေက ပုံစံတူတွေဖြစ်တယ်" လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
လက်ရှိမှာ ထိခိုက်တဲ့ ရဲဘော်တွေ ဆေးကုသနေဆဲဖြစ်ပြီး ဘယ်လို့ အဆိပ်ငွေ့ဗုံးလဲဆိုတာ စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။
ဒါ့အပြင် ဆီဆိုင်မြို့ကို မတ် ၇ ရက်နေ့မှာ စစ်ကောင်စီက လေယာဉ်၊ ဒရုန်းနဲ့ တိုက်ခိုက်လာတာကြောင့် အရပ်သားနေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဆီဆိုင်မြို့မှာ PNLA နဲ့ စစ်ကောင်စီတပ်တို့အကြား လက်ရှိ စစ်ရေး တင်းမာနေတာကြောင့် ဒေသခံတွေ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်သယ်တာတို့ မပြုလုပ်ကြဖို့လည်း PNLA က သတိပေးထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်မြို့တို့မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သား ၁ သိန်းလောက်နဲ့ သေဆုံးသူ ၄၇ ဦး ရှိတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံး PYO က မတ် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။