မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ အမြောက်ပစ်ခတ်လေ့ကျင့်မှုကို ဦးဆောင်လမ်းညွှန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၇ ရက်က ပြုလုပ်ခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ “ရန်သူရဲ့မြို့တော်” ဆိုပြီး ပစ်ကွင်းသတ်မှတ် ပစ်ခတ်တဲ့ တပ်ဖွဲ့တွေလည်း ပါဝင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်သွားပြီး “စစ်ပွဲတားဆီးရေးအတွက် အရေးကြီးတဲ့ စစ်ရေးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ရန်သူရဲ့မြို့တော်” ဆိုတာ တောင်ကိုရီးယားရဲ့ မြို့တော် ဆိုးလ်ကို ရည်ညွှန်း ပြောဆိုသွားတာပါ။ ဒီစစ်ရေးလေ့ကျင့်မှုဟာ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားနဲ့ အမှန်တကယ် စစ်ရေးစွမ်းဆောင်နိုင်မှုကို တိုးမြှင့်ဖို့ ရည်ရွယ်ထားကြောင်း KCNA က ပြောကြားခဲ့ပါတယ်။
အခုသီတင်းပတ် အစောပိုင်းက ခေါင်းဆောင် ကင်မ်ဟာ နိုင်ငံအနောက်ပိုင်းရှိ အဓိက စစ်စခန်းတခုမှာ တပ်ဖွဲ့ဝင်တွေရဲ့ ကွင်းဆင်းလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တို့ဟာ Freedom Shield စစ်ရေးလေ့ကျင့်မှုလို့ သိကြတဲ့ သူတို့ရဲ့ နွေဦးစစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်မှာ ပြုလုပ်ခဲ့ပြီး မနှစ်ကနဲ့ နှိုင်းယှဉ်ရင် တပ်ဖွဲ့ဝင်ဦးရေ ၂ ဆ တိုးထားတာ ဖြစ်ပါတယ်။
Source/Photo-Reuters