မန္တလေးတိုင်း၊ တကောင်းမြို့အနီးမှာ စစ်ကောင်စီတပ်က မတ် ၇ ရက် တနေ့တည်း လေကြောင်းသုံးပစ်ခတ်မှု ၈ ကြိမ်ပြုလုပ်ခဲ့ပြီး မြေပြင်စစ်ကြောင်းကလည်း လက်နက်ကြီး ပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တကောင်းမြို့ထဲကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ မတ် ၄ ရက်က စတင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာပြီးတဲ့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့စစ်ကြောင်းက ထိုးနေတာ ၃ ရက်ရှိပြီ။ တိုက်ပွဲတွေလည်း ဖြစ်နေကြတယ်။ လေကြောင်းလာပစ်တာတော့ မနေ့ကမှ လာပစ်တာပဲ။ စုစုပေါင်း ၈ ကြိမ်နဲ့ တကြိမ်ကြဲတိုင်း စက်သေနတ် အကြီးစားတွေနဲ့ပါ ပစ်ပါတယ်။ ပစ်တဲ့နားတွေ မပြန်ကြရသေးတော့ ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး။”
တကောင်းမြို့အနီးကို မြေပြင်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မတ် ၇ ရက်နေ့မှာ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဆင်ညှပ်ကုန်းကျေးရွာက အမျိုးသမီးတဦး လည်ပင်းကို ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အနီးနားကျေးရွာနေ ဒေသခံတဦးက “အိမ်အနီးနား ကျတယ်လို့ သိရတယ်။ အဲမှာ အမေကြီးတယောက်ရှိတယ်၊ လည်ပင်း ဘယ်ဘက်ခြမ်း ထိသွားတာ။ လေပြွန်ပေါက်သွားတော့ စကားသံက မပီတော့ဘူး” လို့ ပြောပါတယ်။
တကောင်းမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် ပေါ်တော်မူ၊ ဆင်ညှပ်ကုန်း၊ မန်းကျည်းကုန်း ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။
တကောင်းမြို့ထဲကို မတ် ၄ ရက်က စတင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မတ် ၈ ရက် မနက်မှာ တကောင်းမြို့ထဲ ပြန်ဝင်သွားခဲ့ပေမဲ့ တိမ်းရှောင်နေတဲ့ ပြည်သူတွေကတော့ ပြန်မလာရဲသေးဘူးလို့ သိရပါတယ်။
တကောင်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံး အခြေအနေကို နှစ်ဖက် သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီဗွီဘီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။