ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ လမ်းမကြီးပေါ်မှာ မတ် ၇ ရက်က ဘိလပ်မြေတင်တဲ့ ကားတစီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်လိုက်ပါလာသူ ၂ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါရမီလူမှုကူညီရေးအသင်းထံက သိရပါတယ်။
ချောင်သာမြို့ လမ်းမပေါ်မှာ မတ် ၇ ရက် ည ၆ နာရီကျော်က ကလေးနဲ့ အမျိုးသမီးတွေကို လမ်းကြုံတင်လာတဲ့ ဘိလပ်မြေကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကာ အဲ့ဒီထဲက ကလေး ၁ ဦး၊ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ကူညီပေးခဲ့တဲ့ ပရဟိတသမားတဦးက “ဘိလပ်မြေကားနဲ့ ပါလာတဲ့သူတွေက လမ်းကြုံ လိုက်လာတာပါ။ သူတို့ကလည်း အမြဲတမ်းလိုက်လာနေကျပါ။ ဘိလပ်မြေကားက ချောင်းသာမြို့အဝင်မှာ ဆိုင်ကယ်ကိုရှောင်လိုက်တာ အရှိန်များပြီး ဘရိတ်ပေါက်သွားကာ လမ်းလယ်ကျွန်းပေါ်မှာ မှောက်သွားတာပါ။ အကုန်လုံးက ဘိလပ်မြေနဲ့ ပိသွားသလိုဖြစ်ပြီး ထိခိုက်မှုများသွားတာပါ”လို့ ပြောပါတယ်။
ပါရမီလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက "ကျနော်တို့က လမ်းကနေ ကူတာဆိုတော့ ဖြစ်တဲ့ အကြောင်းအရင်းကိုတော့ မသိပါဘူး။ ကျနော်တို့ ပုသိမ်ဆေးရုံပို့နေရင်းမှာ အမျိုးသား တယောက်သေတယ်။ ဒီမနက်မှာတော့ ပုသိမ်ဆေးရုံမှာပဲ အမျိုးသမီးတယောက်ထပ်သေတယ်။ ကျန်တဲ့ အခြေအနေ စိုးရိမ်ရတဲ့သူတွေလည်း များတယ်" လို့ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို ပါရမီနာရေးကူညီမှုအသင်း၊ ဓမ္မပါလလူမှုကူညီရေးအသင်း၊ ချောင်းသာမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့နဲ့ ချောင်းသာမီးသတ်တပ်ဖွဲ့က သွားရောက်ကူညီခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲက ၁၀ ယောက်ကို ချောင်းသာဆေးရုံ၊ ၆ ယောက်ကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်ပြီး အဲဒီကတဆင့်ဒဏ်ရာပြင်းထန်သူ ၂ ဦး ကို ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။