ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတကြောမှာ မတ်လ ၇ ရက် မနက်ပိုင်းကစပြီး လက်ရှိအထိ ကေအိုင်အေ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် တရုတ်ဘက် ကျရောက်ပေါက်ကွဲကြောင်း လိုင်ဇာဒေသခံတွေဆီက သိရပါတယ်။
လိုင်ဇာဒေသခံတဦးက “ဒီမနက် အစောကြီးကနေ စစ်ကောင်စီတွေ တရစပ်ပစ်နေတာ။ ဒီမနက် ၇ နာရီကျော်မှာ တရုတ်ဘက် သွားကျတယ်” လို့ ပြောပါတယ်။
ခုမနက် စစ်လေယာဉ်တွေလည်း ဝဲနေပြီး နာဖော့ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် လိုင်ဇာထဲ ပစ်ထည့်ရာက ကျည် ၂ လုံးက တရုတ်ဘက်ခြမ်း တောင်အပေါ်ဘက်တလုံး၊ အင်ဘန်ရွာက လီဆူချိုင့်မှာ တလုံးကျကာ မီးလောင်နေတာ လှမ်းမြင်နေရပေမဲ့ ထိခိုက်မှု အသေးစိတ်မသိရဘူးလို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတဦးက “ဒီမနက်က ကျည်တွေက တရုတ်ဘက်တွေပဲ ကျနေတယ်။ နှစ်လုံးရှိပြီ။ ဒီတည့်တည့်ရော ဟိုး အပေါ်ဘက်မှာရော” လို့ ပြောပါတယ်။
ဒီမနက် ၆ နာရီကျော်လောက်ကနေ မနက် ၉ နာရီ ကျော်လောက်အထိ လိုင်ဇာအနီး ဝေဟင်ထက်မှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တွေ ပျံဝဲနေတာတွေ့ရတယ်လို့ လိုင်ဇာ ဒေသခံ စစ်ရှောင်တဦးကလည်း ပြောပါတယ်။
မနေ့ညမှာလည်း လေယာဉ်နဲ့ ဗုံးတွေလာကြဲပေမဲ့ နေရာအတိအကျ မသိရသေးသလို မနေ့ကတော့ လိုင်စင်ရွာလယ်မှာ ဗုံးလာကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ကေအိုင်အေရှေ့တန်းနဲ့ နီးစပ်သူတဦးက “လိုင်ဇာနား ဖွန်းပျန်ဘွမ်၊ တာပိန်မြစ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းတကြော အကုန် တိုက်ပွဲဖြစ်တယ်။ ဒီ ဝိုင်းမော် အောင်မြေ ၁၊ ၂ ကနေ တိုက်တာ၊ ဟိုး ဗန်းမော်လမ်းတကြော ဒေါ့ဖုန်းယန်၊ ဟိုး ဗန်မော်နားထိပဲ” လို့ ပြောပါတယ်။
မနေ့က စစ်ကောင်စီစခန်းငယ်တွေ အပါအဝင် စခန်း ၄ ခုထက်မနည်းကို ကေအိုင်အေတပ်တွေက သိမ်းပိုက်ရရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေ တိုက်ပွဲဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
မနေ့ကတော့ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး ဒီနေ့မှာတော့ လိုင်ဇာမြို့ထဲမှာ အသွားအလာသိပ်မရှိတော့ဘဲ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရ ပါတယ်။