ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အတွင်းက ရွှေဖောင်စက်လှေတွေကို မတ် ၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စင်းခန်းကျေးရွာ မြစ်ကူးတံတားမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သင်္ဘာတွေနဲ့ ဧရာဝတီမြစ်အတိုင်း ဆင်းလာပြီး ရွှေဖောင်စက်လှေတွေကို မီးရှို့ ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတဦးက“စင်းခန်းကနေ စစ်တပ်က သံခွန်စက်လှေတွေနဲ့ မနက် ၇ နာရီခွဲလောက်က မြစ်ရိုးအတိုင်းဆင်းလာတယ်။ ရွှေဖောင်တွေရှိတဲ့ မြလယ်ကျေးရွာနဲ့ ဘူးတောင်းကျေးရွာကြားမှာ ရွှေတူးနေတဲ့ ရွှေဖောင် စက်လှေတွေကို မီးရှို့သွားတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကို တရားမဝင်ငွေကြေး ပေးဆောင်ပြီး ရွှေဖောင်စက်လှေတွေနဲ့ ရွှေတူးနေပေမဲ့ စစ်ကောင်စီတပ်က လာရောက်မီးရှို့ခဲ့လို့ ရွှေဖောင် ၅ စီးထက်မနည်း ပျက်စီးသွားခဲ့တာပါ။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာနဲ့ အင်ဂန်းကျေးရွာကြား ဧရာဝတီမြစ်အတွင်း ရွှေတူးဖေါ်နေတဲ့ ရွှေဖောင်စက်လှေတွေကို ၂၀၂၃ ဇန်နဝါရီ ၄ ရက်ကလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။