ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ဘက်ခြမ်း ပါလောင်းရွာမှာ တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကယားလီဖုလူငယ်အဖွဲ့က မတ်လ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၃ ရက် နေ့လယ် ၂ နာရီလောက်မှာ တောမီးရှို့ရင်း ပါလောင်းရွာကို မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၂၉ လုံး ပြာကျခဲ့ပြီး စပါးကျီနဲ့ စပါးတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကုယားလီဖုလူငယ်အဖွဲ့ တာဝန်ရှိသူက“သူတို့ တောမီးရှို့ရင်းနဲ့ပေါ့နော် တောမီးကနေမှ မီးကူးခဲ့တာပေါ့နော်။ ရွာသားတွေကနေပြီး မီးကို အမှီပြန်ငြှိမ်းခဲ့တယ်။ ဒါပေမဲ့ ၂၉ အိမ် ပါသွားတာပေါ့နော်။ စပါးကျီတွေပါသွားတယ်၊ စပါးတချို့ကတော့ တောထဲကို သယ်လို့မီသွားတယ်၊ သယ်လို့မမီတာတွေလည်းရှိတယ်”လို့ ပြောပါတယ်။
လူနေအိမ် ၉၀ ကျော်ရှိတဲ့ ပါလောင်းရွာမှာ ရွာခံတွေဟာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတာ ၂ နှစ်ကျော်ကြာရှိနေပြီဖြစ်ပြီး တခါတလေမှသာ နေအိမ်တွေကို လာကြည့်တတ်လို့ သိရပါတယ်။