ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဆိပ်ကမ်းမြို့ရှိ စက်ရုံတရုံမှာ သကြားကုန်ကြမ်း မက်ထရစ်တန်ချိန် ၁ သိန်းကျော် မီးလောင်ကျွမ်းခဲ့ပြီးနောက် ၃ ရက်အကြာ မတ်လ ၇ ရက်က နိုင်ငံရဲ့အဓိက မြစ်ကြီးဖြစ်တဲ့ ကာနာပူလီမြစ်ထဲကို သကြားအရည်နဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေ စီးဆင်းနေပါတယ်။
သကြားပါတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ရေမျက်နှာပြင်ပေါ်မှာ ခပ်ထူထူအလွှာတခု ဖြစ်ပေါ်နေပြီးတော့ တောင်အာရှနိုင်ငံက ဒုတိယအကြီးဆုံးမြို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ကာနာပူလီမြစ်ကို ပျက်စီးညစ်ညမ်းစေပါတယ်။
ငါးအသေတွေ၊ ဂဏန်းနဲ့ ပင်လယ်ရေခူလို တခြားရေနေသတ္တဝါတွေလည်း မြစ်တလျှောက် မျောပါလာတာကို တွေ့မြင်ရကြောင်း တာဝန်ရှိသူတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
မီးလောင်နေတဲ့ အမှိုက်အညစ်အကြေးတွေကနေ ညှော်နံ့ဆိုးတွေ မြစ်ထဲကို စီးဆင်းစိမ့်ဝင်သွားတာကို ဒေသခံတွေ မကျေနပ်ဖြစ်ကြကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားကြပါတယ်။
တံငါသည် ရေလုပ်သားတွေလည်း ဒီမတော်တဆမှုကြောင့် အလုပ်သွားလုပ်လို့မရကြောင်း ပြောဆိုကြပြီး ဒီပျော်ရည်တွေကို စက်ရုံရဲ့ကိုယ်ပိုင်ခြံဝင်းထဲမှာ ထိန်းသိမ်းထားတာမျိုး မလုပ်တာကြောင့် စက်ရုံကို အပြစ်တင် ပြောဆိုကြပါတယ်။
မတ်လ ၄ ရက်နေ့ မီးလောင်မှုဟာ လုံးဝ မီးမငြိမ်းသေးတာကြောင့် မီးသတ်သမားတွေဟာ မတ်လ ၇ ရက်မှာလည်း မီးလောင်ကျွမ်းနေတဲ့ စက်ရုံကို ရေဆက်ဖြန်း ငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။
Source/Photo-Reuters