လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ မတ် ၇ ရက် ဒီကနေ့မနက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေသစ်ကျေးရွာ၊ အင်လုံခတံတားအနီး တိုက်ပွဲမှာ သေနတ်ထိမှန်ပြီး သေဆုံးသွားတယ်လို့ လီဆူပြည်သူ့စစ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒီကနေ့မနက်က အင်လုံခတံတားအနီးဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တွေရဲ့ တိုက်ပွဲမှာ ဦးရွှေမင်းက စစ်ကောင်စီတပ်ဘက်ကနေ ဝင်တိုက်ပေးရင်း သေဆုံးသွားတာလို့ လီဆူပြည်သူ့စစ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဦးရွှေမင်း သေသွားတာ အလောင်းတောင် ပြန်မကောက်နိုင်ဘူး။ သူ့လူတွေက ထွက်ပြေးတာ။ ကေအိုင်အေက အလောင်းကို သိမ်းထားတယ်။”
ဦးရွှေမင်းရဲ့ အလောင်းကို ကေအိုင်အေဆီမှာ စစ်ကောင်စီတပ်က သွားရောက်ယူဆောင်နိုင်ခြင်း မရှိဘူးလို့လည်း ပြည်သူ့စစ်နဲ့ နီးစပ်သူက ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဦးရွှေမင်း ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က လီဆူလူမျိုးတွေကို တအိမ်တယောက် စစ်မှုမထမ်းမနေရဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဦးရွှေမင်းဟာ စစ်တပ် အာဏာသိမ်းပြီးကတည်းက ပြည်သူ့စစ်အဖွဲ့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်က ဝိုင်းမော်မြို့နယ်မှာ ဖွဲ့စည်းခဲ့တဲ့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ကို ပေးခဲ့ပါတယ်။