အိမ်တအိမ်ထဲကို ခွေးတကောင်နဲ့ လူတယောက် ဝင်လာပါတယ်။ ခွေးပိုင်ရှင်က အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတဦး ဖြစ်ပါတယ်။
အိမ်ရှင်တွေကို အသံပေးပြီး အိမ်ထဲဝင်လာပါတယ်။ “အိမ်သားတွေ ရှိကြလား။ မန်ကျည်းသီး ရောင်းဖို့ရှိသလား။ မန်ကျည်းသီး လိုချင်လို့ပါ” ဆိုပြီး မေးပြောပြောပြီး အိမ်ထဲဝင်လာပါတယ်။
“ဟုတ်ကဲ့ဆရာမ အိမ်ထဲဝင်ခဲ့ပါ။ မန်ကျည်းသီးက အခွံချွတ်ပြီးသားလည်း ရှိတယ်။ အခွံမချွတ်ရသေးတာတွေလည်း ရှိပါတယ်” အိမ်ရှင်လူငယ်အမျိုးသမီးက ခွေးပိုင်ရှင် အမျိုးသမီးကို ဆရာမလို့ခေါ်ပြီး အိမ်ထဲဝင်လာဖို့နဲ့ မေးခွန်းတချို့ကိုပါ တုံ့ပြန်ပြောဆိုပါတယ်။
ဆရာမဆိုတဲ့ ခွေးပိုင်ရှင်အမျိုးသမီးက ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ်။ တောနေတောထိုင် နေကာစေတဲ့ အပေါ်အင်္ကျီတထည်ကို ဝတ်ဆင်ထားပါတယ်။ မျက်မှန်တပ်ထားတာက ဆရာမလို့ ပိုပြီးထင်ရှားစေတဲ့ အမှတ်အသားတခုပါ။ မျက်မှန်မပါရင် သာမန် တောသူမကြီးတဦးလို အသွင်သဏ္ဌာန်မျိုးပဲ ဖြစ်ပါတယ်။
သူနဲ့အတူ အရပ်နိမ့်နိမ့် ခွေးပုကလေးတကောင်က တခါတခါ သူ့ရှေ့က ပြေးထွက်သွားလိုက်။ တခါတခါ သူ့နောက်က ပြေးလိုက်လာလိုက် လှုပ်ရှားပြေးလွှားနေပါတယ်။
မျက်နှာစိမ်းတဲ့သူတွေကိုတော့ ဆရာမက “သူက မကိုက်တတ်ဘူး၊ မကြောက်နဲ့နော်၊ သူက လူတွေကို ခင်တတ်ပါတယ်” သူ့ရဲ့ အညိုရောင်ခွေးပုကလေးအကြောင်း ပြောပြပြီး မျက်နှာစိမ်းတဲ့သူတွေကို စိုးရိမ်စိတ်လျော့အောင် ပြောနေပါတယ်။
အိမ်ရှင်က အိမ်ထဲဝင်ဖို့ ခေါ်ရုံသာရှိပါသေးတယ်။ ခွေးပုကလေးက အိမ်ပေါ်ရောက်နှင့်နေပြီးသား ဖြစ်နေပါတယ်။ ဆရာမဆိုသူက နောက်ကရောက်လာပြီး သူ့ခွေးကလေးနဲ့အတူ လှေခါးဝမှာပဲ ထိုင်ချလိုက်ပါတယ်။
လက်တဖက်က ခွေးကလေးကို ချော့မြှူနေပြီး စကားတွေလည်း တောက်လျှောက် ပြောနေပါတယ်။ သူပြောတဲ့စကားတွေထဲ စစ်မှုထမ်းဥပဒေအကြောင်း၊ ရပ်ထဲရွာထဲ မင်္ဂလာဆောင်တွေ ပေါလွန်းအားကြီးတဲ့အကြောင်းတွေပါ ပြောပြနေပါတယ်။
ခွေးပိုင်ရှင် ဆရာမတဦးက သူ့လာရင်းကိစ္စကို မေ့ထားပြီး မျက်နှာစိမ်း ကျနော်တို့ကို ခေတ်ဆိုးခေတ်ကျပ်ထဲမှာ သီချင်းတွေအော်ဆိုပြီး လွတ်လပ်နေသယောင် မင်္ဂလာဆောင်တွေရဲ့အကြောင်း သူ အလိုမကျပုံကို ပြောပြနေပါတယ်။
သူ အလိုမကျတဲ့အကြောင်း ပြောနေချိန်က အဲဒီရွာမှာ မင်္ဂလာဆောင်က သီချင်းဖွင့်တဲ့အသံဟာ သူ့စကားသံကိုတောင် တချက်တချက် လာလာဖုံးပါတယ်။ သူကတော့ သူပြောပြချင်တဲ့ အကြောင်းအရာနဲ့ သူပြောချင်တဲ့အရာတွေကို ဆက်တိုက်ဆိုသလို ပြောနေပါတယ်။
အနီးအနား အဝန်းအဝိုင်းမှာ စာဖတ်တဲ့ အလေ့အကျင့်ကိုလည်း ဖော်ဆောင်ပေးတဲ့အကြောင်း ပြောပါတယ်။ ဒီစာတွေ ဒီအကြောင်းအရာတွေက ဖတ်မှသိရမှာ ဖြစ်တယ်။ သိရမှ အရာတခုခုကို ဖောက်ထွက်နိုင်မှာ၊ စဉ်းစားတတ်လာမှာလို့လည်း သူယုံကြည်ထားတဲ့အရာကို ပြောပြပါတယ်။
“ဆရာမက အာဏာသိမ်းပြီးကတည်းက CDM လုပ်ထားတာ။ အသက်အရွယ်အရလည်း ပင်စင်စားအရွယ် ဖြစ်နေပြီလေ။ ဆရာမနဲ့အတူ သမီးတွေလည်း ကျောင်းဆရာမတွေပဲ။ သူတို့လည်း ဒီလို ခေတ်ဆိုးခေတ်ကျပ်ထဲ စာသင်လည်း အရာမရောက်တဲ့အတူ သူတို့လည်း အမေနဲ့အတူ CDM တွေလုပ်ကြတယ်။”
သူနဲ့ သူ့မိသားစုအကြောင်း လူစိမ်းတွေဖြစ်တဲ့ ကျနော်တို့ကို ပြောပြပါတယ်။ အဝတ်အထည် ယူရောင်းပြီး မိသားစု ဘဝရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေကြတဲ့အကြောင်း ပြောပြပါတယ်။
“အခု တနေရာမှာ အိမ်တွေ မီးရှို့ခံရတာ၊ သတ်ဖြတ်ခံနေရတာတွေကို ဒါတွေ မသိကြတာလား မသိပါဘူး။ လွတ်လပ်နေတဲ့ပုံစံမျိုး နေနေကြတာ စိတ်ထဲမကောင်းဘူးလေ” လို့ သူနေထိုင်ရာ ရပ်ထဲရွာထဲက အခြေအနေတွေကိုလည်း ပြောပြပါတယ်။
ဒီအရပ်မှာ ပြောပြ ရှင်းပြလို့ မရတဲ့သူတွေ ရှိတယ်။ ရပ်ရွာမှာ အကြီးအကဲလုပ်နေတဲ့သူတွေက လုပ်ငန်းကိုင်ငန်း ဖြောင့်ဖြူးနေတဲ့ အချိန်ဆိုတော့ တနိုင်ငံလုံး အကျပ်အတည်း ဖြစ်နေတဲ့အကြောင်း မပြောရဲ မဆိုရဲ အခြေအနေမျိုးနဲ့ နေထိုင်ရတဲ့ အကြောင်းတွေပါ ဆက်စပ်ပြောပြပါတယ်။
ဆရာမက NLD အမာခံပါ။ အရင်က မဲဆွယ်စည်းရုံးရေး လုပ်တဲ့အချိန်က ရှေ့ကနေ ဦးဆောင်ဦးရွက် ပါခဲ့သူပေါ့။ အခုတော့ ရေငုံနှုတ်ပိတ်နေနေရတဲ့ ဘဝပါ။
စည်းရုံးကာလတုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်တခုပါ။ ပါတီကြီးတခုက ဆရာမကိုတိုင်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးမှာ သွားရှင်းရသေးတယ်။ တိုင်တဲ့သူက ရှိတော့လည်း သွားရှင်းရတာပေါ့။
ရုံးရောက်တော့ ဘယ်လိုမျိုး လာတိုင်ထားသလဲဆိုတော့ မဲဆွယ်စည်းရုံးရေးကာလမှာ တဖက်ပါတီကို သူတို့မကြိုက်တဲ့ စကားတခွန်း ပြောမိလို့ လာတိုင်ထားတာလို့ သိလိုက်ရတယ်။
တကယ်လည်း ပြောမိပါတယ်။ ရပ်ကျေးက အုပ်ချုပ်ရေးမှူးကို အမှန်အတိုင်းပဲ ပြောပြပါတယ်။ လာတိုင်တဲ့ တဖက်ပါတီက လူကလည်း ကိုယ့်တပည့်ပဲ။ အုပ်ချုပ်ရေးမှူးဆိုတာကလည်း ကိုယ့်တပည့်ပါပဲ။
ဆရာမ ပြောမိပါတယ်။ ပြောမိတာကလည်း တဖက်ပါတီက ကိုယ့်တပည့်ကလည်း ဆရာမတို့ကို ပုဆိုးလှန်ပြတာမျိုး လုပ်သွားတာပါ။ ဒီအကြောင်းကိုတော့ သူတို့ကို ပြန်မတိုင်ပါဘူး။ ဖြေရှင်းပေးတဲ့ တပည့် အုပ်ချုပ်ရေးမှူးကို အခုချိန်ထိ ကျေးဇူးတင်နေမိပါတယ်။ သူသာ နှစ်ဦးဆိုင်ပြီး ဆင့်ခေါ်ဖြေရှင်းကြရင် မလိုလားအပ်တဲ့ အရာတွေ ဖြစ်လာနိုင်တာပေါ့။
ဆရာမက သူ့အကြောင်းတချို့ကို ဆက်တိုက်ပြောပြနေရင်း သူအမြဲ စောင့်ကြည့် နားထောင်နေတဲ့ သတင်းဌာနအမည်တွေကို ရွတ်ပြပါတယ်။ အဲဒီဌာနနာမည်တွေ ရွတ်နေချိန် ကျနော့် ဘယ်ဘက်လက်တဖက်က ကြက်သီး ဖြန်းခနဲ ထသွားပါတယ်။
သူက တို့ပရိသတ် စစ်စစ်ကြီးပဲ။ ပုံမှန်အချိန်တွေဆို ဖက်လှဲတကင်း မိတ်ဆက်ကြမယ်ပေါ့။ အခုတော့ သူ ထိုင်ပြောပြနေသူက သူ အမြဲအားပေး နားဆင်နေတဲ့ သတင်းဌာနတခုက UG သတင်းသမားတယောက်ဖြစ်တဲ့ အကြောင်းတော့ သူမသိရှာပါဘူး။
လတ်တလော ရခိုင်ပြည်နယ်က AA တပ်ဖွဲ့က သိမ်းယူထားတဲ့ မြို့နယ်တခုချင်းစီကိုလည်း လက်ချိုးပြီး အထစ်အငေါ့မရှိ ရွတ်ပြပါတယ်။ ကျနော်ကိုယ်တိုင်က တနေရာကနေ တနေရာကို လှုပ်ရှားသွားလာနေရင်း သတင်းဖတ်တာ၊ သတင်းကြည့်တာတွေ လစ်ဟင်းချက်ရှိပါတယ်။
သူရွတ်ပြချိန်က သတင်းသမားတဦးလုပ်ရမယ့် အမှတ်သညာမျိုးကို ဆရာမတယောက်ဆီမှာ တွေ့လိုက်ရပါတယ်။
“စစ်သားတွေက သတင်းသမားနဲ့ ဒေသခံတွေကို ဘယ်လိုသတ်လိုက်တယ် ဆိုတာကို ဝန်ခံလိုက်ပြီလေ” ဆရာမက ရခိုင်ပြည်နယ်က သတင်းအကြောင်းအရာတခုကို ပြောပြပါတယ်။
ရက်စက်ယုတ်မာသူတွေရဲ့ အကြောင်းပြောရင်း သူတို့ စစ်ကောင်စီတပ်တွေက အဆုံးအစွန်အထိ မိုက်မဲမှုကို သွားတော့မှာ။ သတိဆိုတာ ပိုတယ်မရှိတဲ့ အကြောင်းကိုလည်း ဆက်စပ် ပြောသွားပါသေးတယ်။
သူဟာ အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ခြင်း ပြုလုပ်တဲ့ ဆရာမတဦး ဖြစ်ပါတယ်။ သူ့အကြောင်းတွေကို မခြွင်းမချန် ပြောပြချက်အရ သိလာရခြင်း ဖြစ်ပါတယ်။
ဒီအရပ် ဒီဒေသက ကျနော့်အတွက် မျက်နှာစိမ်းတဲ့အရပ်ဒေသလို့ ပြောလို့ရပါတယ်။ ခဏတဖြုတ် ရောက်ခိုက် အသိတချို့နဲ့ သွားရောက်တွေ့ဆုံပါတယ်။ အသိများများစားစား မရှိတာကပဲ အန္တရာယ်ကင်းတယ် ဆိုရမလား တွေးမိပါတယ်။
အမြင်မတူ၊ အယူအဆ မတူသူတွေအတွက် ခိုက်ရန်ဖြစ်ပွားဖို့ လွယ်ကူတဲ့ဒေသလို့လည်း ကြားမိထားပါတယ်။ တဖက်နဲ့ တဖက်။ တဖွဲ့နဲ့ တဖွဲ့ကြား အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်တဲ့ အခြေအနေမျိုးရှိတဲ့ အကြောင်းလည်း သိခဲ့ရပါတယ်။
ဆရာမက သူ့အတွေ့အကြုံတွေ၊ သူ့ခံစားချက်တွေကို နားထောင်ပေးတဲ့ သူတယောက်က စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ တိတ်တဆိတ် သတင်းသမားတဦးအဖြစ် ရပ်တည်နေတဲ့သူ ဆိုတာကိုတော့ မသိရှာပါဘူး။
စိတ်ထဲမှာတော့ တနေ့ အဲဒီအရပ် အဲဒီဒေသကို ပြန်ရောက်ခဲ့ရင် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေသူ ဆရာမတဦးဆီကို ဦးစွာ သွားရောက် နှုတ်ဆက်ရမယ့်အကြောင်းသာ တွေးနေမိပါတယ်။
တာပလု