
အခုနှစ် ပရီးမီးယားလိဂ်မှာ VAR ဆုံးဖြတ်ချက် အမှားအယွင်း ၁၃ ကြိမ်အထိရှိခဲ့ကြောင်း ပရီးမီးယားလိဂ်ဘက်က ဝန်ခံထုတ်ပြန်လိုက်ပါတယ်။
VAR က ကြားဝင်ဆုံးဖြတ်မှု ၄ ကြိမ်က မှားယွင်းခဲ့တာဖြစ်ပြီး တခြား ၉ ကြိမ်ကတော့ ဖြစ်ရပ်မှန်အတိုင်း ကြားဝင်ဆုံးဖြတ်ဖို့ ပျက်ကွက်ခဲ့တာပါ။
ပွဲစဉ် ၂၃ အထိ စုစုပေါင်း ၂၃၉ ပွဲမှာ VAR က ကြားဝင်ဆုံးဖြတ်ပေးမှု အကြိမ် ၇၀ ရှိခဲ့ပြီး ၁၃ ကြိမ်မှာ အမှားပြုလုပ်ခဲ့တာပါ။
မှားယွင်းဆုံးဖြတ်တဲ့ ၄ ကြိမ်က နယူးကာဆယ်နဲ့ ဘုန်းမောက်တို့ တဂိုးစီ သရေပွဲစဉ်မှာ ဘုန်းမောက်တိုက်စစ်မှူး အောက်တာရာရဲ့ သွင်းဂိုးကို လက်ထိဘောအဖြစ် မှားယွင်းဆုံးဖြတ်ခဲ့တာ ပါ။
ဒါ့အပြင် မန်ယူက ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းဘက်ကို ပယ်နယ်တီ ပေးခဲ့တာပါ။
အဲဒီပွဲမှာ ဒမ်နီအင့်စ်ကို ဒီလစ်ရဲ့ ဖျက်ထုတ်မှုအပေါ် ပင်နယ်တီပေးခဲ့တာဖြစ်ပြီး အဲဒီရှုံးပွဲ အပြီးမှာပဲ နည်းပြအဲရစ်တန်ဟတ်ဂ်လည်း ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲဗာတန်နဲ့ ဂိုးမရှိ သရေပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကွင်းလယ်လူနော်ဂတ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့မှု၊ ဆောက်သမ်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နော်တင်ဟမ်နောက်ခံလူ မီလန်ကိုဗစ်ရဲ့ သွင်းဂိုးကို လူကျွံဘောလို့သတ်မှတ်ပြီး ဂိုးမပေးခဲ့တာ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက် အမှားတွေကို ကြားဝင်ဆုံးဖြတ်ပေးမှု မရှိခဲ့တဲ့ ဖြစ်ရပ် ၉ ခုကိုတော့ ပရီးမီးယားလိဂ်က ထုတ်ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။