
မန်စီးတီးနဲ့ပွဲစဉ်မှာ အနိုင်ဂိုးတဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဘယ်နောက်ခံလူ လူးဝစ် စကယ်လီကို အာဆင်နယ်နည်းပြ အာတေတာက ချီးကျူးလိုက်ပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်လူငယ်လက်ရွေးစင်ကစားသမားဟာ အခုနှစ်ရာသီ အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး မန်စီးတီးကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တတိယမြောက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ပွဲရဲ့ အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့တဲ့ လူးဝစ်စကယ်လီကို နည်းပြအာတေတာက ချီးကျူးခဲ့ပြီး အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုနဲ့ ရဲရင့်မှုတွေရှိသူဖြစ်ကြောင်း ပြောပါတယ်။
မန်စီးတီးလိုအသင်းကို အနိုင်ရဖို့ဆိုရင် အသင်းလိုက်စွမ်းဆောင်ရည်အပြင် တဦးချင်း စွမ်းဆောင်ရည်လည်း လိုအပ်ပြီး လူးဝစ်စကယ်လီရဲ့ စရိုက်လက္ခဏာနဲ့ ပင်ကိုယ်အရည်အချင်းက ပွဲထွက်ခွင့်နဲ့လည်း ထိုက်တန်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ အမြင့်ဘောအားနည်းချက်တွေက အဓိကအချက်ဖြစ်ခဲ့ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
ပွဲရဲ့ နောက်ဆုံးမိနစ် ၂၀၊ ၂၅ မိနစ်တွေမှာ စွမ်းဆောင်ရည်မကောင်းခဲ့တာက ဂိုးပြတ် ရှုံးနိမ့်သွားစေခဲ့ပြီး အမြင့်ဘောကန်တင်ပေးမှုတွေမှာ အာဆင်နယ်ခံစစ်ကို မယှဉ်နိုင်ခဲ့တာက အဓိကအချက် ဖြစ်ခဲ့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
အမြင့်ဘောကန်တင်လိုက်တိုင်းမှာ ဘောလုံးဆုံးရှုံးခဲ့ပြီး ဝီလီယမ်ဆာလီဘာနဲ့ ဂါဘရီယယ် တို့လို ကစားသမားတွေနဲ့ အမြင့်ဘောကစားမယ်ဆိုရင် ဘယ်လိုတိုက်စစ်မှူးမဆို အခက်တွေ့မှာဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်မှုဟာ နည်းပြဂွါဒီယိုလာရဲ့ နည်းပြဘဝသက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းတသင်းကို ၄ ဂိုးနဲ့အထက် ဂိုးပြတ်ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်ပါတယ်။