Home
နိုင်ငံတကာ
ရုရှားလိုလားသည့် ယူကရိန်းခွဲထွက်ရေးတပ် တည်ထောင်သူ မော်စကိုတွင် လုပ်ကြံခံရ
DVB
·
February 4, 2025
Photo-Reuters

ရုရှားလိုလားတဲ့ ခွဲထွက်ရေးတပ်ရင်းတခုကို တည်ထောင်သူ အာမန် ဆာကစ်ရှန်ဟာ ဖေဖော်ဝါရီ ၃ ရက်က မော်စကိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားပါတယ်။

အဲဒီဖြစ်ရပ်အတွင်း ဒဏ်ရာပြင်းထန်မှုကြောင့် ဆာကစ်ရှန်ကို ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ခဲ့ပေမဲ့လည်း သေဆုံးသွားခဲ့ရကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။

ကရင်မလင် သမ္မတနန်းတော်ကနေ ၇ မိုင်အကွာမှာရှိတဲ့ လုံခြုံရေးအပြည့်နဲ့ လူနေတိုက်တခုရဲ့  ဝင်ပေါက်မှာ ဆာကစ်ရှန်ကို လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ယူကရိန်းဘက်က မှတ်ချက်ပေးတာမျိုး မရှိသေးပေမဲ့လည်း ဆာကစ်ရှန်ရဲ့ ကိုယ်ရံတော်တယောက်ကိုပါ သေဆုံးစေခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းလုံခြုံရေးဌာန SBU ကတော့ ဆာကစ်ရှန်ဟာ “ရာဇဝတ်ဂိုဏ်းခေါင်းဆောင်” တယောက်ဖြစ်ပြီး “အကျဉ်းသားတွေကို တိုက်ခိုက်ရေးအတွက် စုဆောင်းပေးခဲ့ဖူးတယ်” လို့ စွပ်စွဲထားပါတယ်။

ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ပတ်သက်ပြီး ၂၀၁၄ ခုနှစ် မေလကတည်းက ဆာကစ်ရှန်ကို နိုင်ငံတကာဖမ်း၀ရမ်းအရ အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆာကစ်ရှန်ရဲ့ အာဘတ်အမည်ရ ခွဲထွက်ရေးတပ်ဟာ ယူကရိန်းအရှေ့ပိုင်းမှာ မော်စကိုအတွက် တိုက်ခိုက်ပေးနေသလို ရုရှားပိုင်နက် ကာ့စ်ခ်ဒေသမှာလည်း လှုပ်ရှားမှုရှိတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသ ဒွန်နတ်ခ်စ်ဒေသရဲ့  ဟော်လစ်ဗ်ကာမြို့မှာ  ဆာကစ်ရှန်ကို မွေးဖွားခဲ့တာပါ။

၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ ယူကရိန်းရဲ့ လုပ်ကြံမှုကြောင့် ရုရှားစစ်တပ်က ဗိုလ်ချုပ်ကြီးတယောက်နဲ့ လက်ထောက်ဖြစ်သူ အပါအဝင် အကြီးတန်းရေတပ်အရာရှိ ဗယ်လယ်ရီ ထရန်ကော့ဗ်စကီးနဲ့ ထောင်အာဏာပိုင် ဆာဂျေး ယက်ဆူကော့ဗ်တို့ သေဆုံးခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013