Home
နိုင်ငံတကာ
မော်စကိုရှိ ဆီးရီးယားသံရုံးတွင် သူပုန်အလံလွှင့်ထူ၊ ရုရှားအခြေစိုက်စခန်းများ၏ အနာဂတ်ကို ဆွေးနွေးမည်
DVB
·
December 10, 2024
Photo-Reuters

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမြို့က ဆီးရီးယားသံရုံး အဆောက်အအုံပေါ်မှာ ဆီးရီးယားသူပုန်အဖွဲ့တွေရဲ့  ကြယ်သုံးပွင့်အလံကို ဒီဇင်ဘာ ၉ ရက်မှာ တပ်ဆင်ခဲ့ပါတယ်။

သူပုန်တိုက်ခိုက်ရေးသမားတွေဟာ ဒမတ်စကတ်မြို့တော်ဆီ အဆီးအတားမရှိ အပြေးအလွှား ဝင်ရောက်လာပြီးတဲ့နောက် အာဆတ်မိသားစုရဲ့ နှစ် ၆၀ နီးပါးကြာနေတဲ့ အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ပါတယ်။

ခုတော့ အာဆတ်မိသားစုဟာ ရုရှားမြို့တော် မော်စကိုမှာ ရှိနေတယ်လို့ ရုရှားသတင်းအေဂျင်စီတွေက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ကြပါတယ်။

အယ်လ်ကေးဒါးအဖွဲ့ခွဲဟောင်း ဖြစ်တဲ့ ဟာယက် အယ်လ် တာရီယာ အယ်လ်ရှမ်းအဖွဲ့ (HTS) က ဦးဆောင်တဲ့ ပြည်သူ့စစ်မဟာမိတ်အဖွဲ့က လျှပ်စီးလက်သလို ထိုးစစ်ဆင်ခဲ့လို့ ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆတ်ဟာ ရုရှားနိုင်ငံဆီ ထွက်ပြေးခဲ့တာပါ။

အဲဒီနောက် ဆီးရီးယားနိုင်ငံထဲက မဟာဗျူဟာအရ အရေးပါတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ အဆောက်အအုံနှစ်ခုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်နေခဲ့ကြပါတယ်။

ဆီးရီးယားနိုင်ငံထဲက ရုရှားစစ်တပ် အခြေစိုက်စခန်းတွေအတွက် အနာဂတ်မှာ ဘယ်လိုလုပ်မလဲ ဆိုတာ ပြောဖို့ စောလွန်းသေးတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။

ဒီအရေးဟာ ဒမတ်စကတ်မြို့တော်က အုပ်ချုပ်သူအသစ်တွေနဲ့ ဆွေးနွေးရမယ့်ကိစ္စလို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားအခြေစိုက်စခန်းတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပဲ့စ်ကို့ဗ်က “ဒီအကြောင်းပြောဖို့ အချိန်မတန်သေးပါဘူး” လို့ ပြောပါတယ်။

“လုံခြုံရေးအရ ကိုင်တွယ်ဖြေရှင်းနိုင်သူတွေနဲ့ အဆက်အသွယ်ရဖို့ လိုအပ်သလို အခုဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေပါတယ်။ နောက်ပြီးတော့ ကျနော်တို့ စစ်တပ်ကလည်း လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ အားလုံးကို လုပ်ဆောင်နေပါတယ်” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံ လာတာကီယာပြည်နယ်မှာ ရုရှားရဲ့ ဟာမေးမီ လေတပ်စခန်းရှိပြီး ကမ်းရိုးတန်းက ထားတက်စ် ဆိပ်ကမ်းမြို့မှာ ရုရှား ရေတပ်စခန်းတခု ရှိနေတာပါ။

ထားတက်စ် ရေတပ်စခန်းဟာ ရုရှားရဲ့ တခုတည်းသော မြေထဲပင်လယ် ပြုပြင်ရေးနဲ့ ပြန်လည် ဖြည့်တင်းရေး အချက်အချာဖြစ်ပါတယ်။

ရုရှားအစိုးရဟာ ဆီးရီးယားကို သူ့ရဲ့ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာတွေ အာဖရိကတိုက်ဆီ ဝင်ချည်ထွက်ချည် ပျံသန်းဖို့ ခရီးတထောက်နားစခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။

နိုင်ငံတကာအခြေအနေမှာတော့ ပဋိပက္ခအတွက် အလားအလာ မြင့်မားနေတယ်လို့ ရုရှားသမ္မတနန်းတော်က ရှုမြင်တယ်လို့လည်း ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013