Home
မြန်မာသတင်း
ပုသိမ်နှင့် ရေကြည်အခြေစိုက်တပ်ရင်းများမှ တပ်သား ၃၀ ကျော်ထွက်ပြေး
DVB
·
February 3, 2025
Photo: CH

ဧရာဝတီတိုင်း၊ ပုသိမ်နဲ့ရေကြည်မြို့နယ် စစ်ကောင်စီတပ်ရဲ့ အရာရှိတွေအပါအဝင် တပ်သား ၃၁ ယောက် ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်တို့မှာ ပုသိမမြို့နယ်ရှိ ခြေလျင်တပ်ရင်း ခလရ-၁၁ က အရာရှိအပါအဝင် တပ်သား ၁၄ ယောက်၊ ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက် တပ်ရင်းက တပ်ကြပ်အပါအဝင် တပ်သား ၁၂ ယောက်နဲ့ ပုသိမ်မြို့ရှိ အမှတ် ၆ စစ်အခြေခံလေ့ ကျင့်ရေးတပ်က တပ်သားသစ် ၅ ယောက်ဟာ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ပုသိမ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်က “ခလရ ၁၁ က အရာရှိအပါအဝင် တပ်သားတွေနဲ့ အမတ ၃၄၄ က တပ်ကြပ်အပါအဝင် တပ်သားတွေ ထွက်ပြေးတာလို့ သိရတယ်။ လေ့ကျင့်ရေးတပ်မှ ထွက်ပြေးသူတွေက တပ်သားသစ်တွေပါ။ ထွက်ပြေးသူတွေက ရွှေသောင်ယံမြို့မှာရှိတဲ့ ဝက်သေဘက်နဲ့ ရေကြည်မြို့နယ် မယ္ဇလီကုန်း၊ ကုန်းကြီးဘက်မှာရှိတဲ့ ရှေ့တန်းစခန်းတွေကနေ ပြေးတာလို့ သိရတယ်။ လက်နက်တွေ ပါသွားတာမှန်တယ်” လို့ ပြောပါတယ်။

အဲ့ဒီ ထွက်ပြေးသွားတဲ့ တပ်သားတွေကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေတာ မလုပ်ဘဲ မြို့အထွက်ဂိတ်တွေကိုသာ သတင်းပို့ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးခိုင်းထားတယ်လို့ ဆိုပါတယ်။

ရွှေသောင်ယံ ဒေသခံတယောက်က “မနေ့က အထိဆို မနည်းဘူး၊ ရွာထဲမှာ ပြောနေကြတာ ၄၀ လောက်တောင် ရှိပြီကြားတယ်။ သေနတ်တွေပါယူပြီး ပုသိမ်ဘက် ပြေးသူပြေး၊ တောထဲ ရိုးပေါ်တက်ပြေးသူ ပြေးနဲ့ ကြုံရာပြေးကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကနေ ၁၈ ရက်အတွင်း အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဘောမိကျေးရွာမှာ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သား အများအပြား ဒဏ်ရာရရှိခဲ့ပြီး ၄၀ ထက်မနည်းထွက်ပြေးသွားသေးတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်ကလည်း ရခိုင်ပြည်နယ် စစ်ဆင်ရေး အပို့ခံရတဲ့ ခလရ(၃၆) ကျုံပျော်အခြေစိုက်တပ်က စစ်ကောင်စီတပ်သားတွေနဲ့ စစ်မှုထမ်းတပ်သားသစ် အယောက် ၂၀ ထက်မနည်း ထွက်ပြေးခဲ့ပြီး စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့လို့ ၄ ယောက်သာပြန် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013